ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းသစ် တရုတ်နှင့် ဂျပန် ကုန်သွယ်ရေး ဝန်ကြီး ဆွေးနွေး

2016-10-31 17:27:41 |သတင်းအရင်းအမြစ် 国际在线

၂၉ရက်နေ့က ၁၁ကြိမ်မြောက် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား စီးပွားကုန်သွယ်ရေး ဝန်ကြီးများ အစည်းအဝေးကို ဂျပန် နိုင်ငံ တိုကျိုမြို့တွင် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေး ကျင်းပစဉ် အတွင်း တရုတ် ကုန်သွယ်ရေး ဝန်ကြီး ကောဟူချင်သည် ချိန်းထားသည့် အတိုင်း ဂျပန် စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဟီရိုရှီဂေ စယ်ကိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဝန်ကြီး ၂ဦးတို့သည် တရုတ်-ဂျပန် စီးပွားကုန်သွယ် ရေးဆက်ဆံမှု၊ ဒေသတွင်းနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး စသည့် ခေါင်းစဉ်များ နှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဝန်ကြီး ကောဟူချင်က တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ အကြား စီးပွားရေး အပြန်အလှန် ဖြည့်ဆည်းမှု များစွာ ရှိကြောင်း၊ နှစ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် နယ်ပယ်သစ်များကို ရှာကြံပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အဆင့်တိုးမြှင့် သင့်ကြောင်း ပြောကြားသည်။

ဟီရိုရှီဂေ စယ်ကိုက ဂျပန် အစိုးရ အနေနှင့် ဂျပန် ကုမ္ပဏီများကို တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသစ်နှင့် လိုက်လျောညီထွေစေရန် တက်ကြွစွာ တွန်းအား ပေးပြီး ဝန်ဆောင်မှုလုပ်ငန်းနှင့် စီးပွားရေးသစ် စသည့် နယ်ပယ်များတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးပွားစေလိုကြောင်း ပြောကြားသည်။