ဒေသစံတော်ချိန် ၇ရက်နေ့က ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် ပဋိညာဉ် စာချုပ် ၂၂ကြိမ်မြောက် စာချုပ်ချုပ်ဆိုဘက် ညီလာခံကို မော်ရိုကို နိုင်ငံ တောင်ပိုင်း မာရာကက်ရှ်မြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။
ယင်းသည် ပါရီ သဘောတူ စာချုပ် တရားဝင် အာဏာတည်ပြီး ကျင်းပသော ပထမအကြိမ် စာချုပ်ချုပ်ဆိုဘက် ညီလာခံ ဖြစ်ကြောင်း၊ ယခုအကြိမ် ညီလာခံသည် စာချုပ် လက်တွေ့ဖော်ဆောင်ရေး အတွက် ကျင်းပသော ညီလာခံ တစ်ကြိမ် ဖြစ်သည်ဟု အကဲခတ်များက ယူဆကြကြောင်း သိရသည်။
နိုင်ငံနှင့် ဒေသ ၁၉၀ကျော်မှ ကိုယ်စားလှယ်များသည် မျက်နှာစုံညီ အစည်းအဝေးနှင့် အုပ်စုခွဲ ဆွေးနွေးပွဲများ ကျင်းပပြီး ပါရီ သဘောတူ စာချုပ်ပါ နည်းပညာ အချက်အလက်များ လက်တွေ့ကျင့်သုံးရေးနှင့် ပတ်သက်၍ စူးစမ်းလေ့လာကြမည် ဖြစ်ကြောင်း သိရသည်။
မော်ရိုကို နိုင်ငံခြားရေး ဝန်ကြီး၊ ယခုအကြိမ် ညီလာခံ သဘာပတိ မယ်ဇူအာက ဖွင့်ပွဲ အခမ်းအနားတွင် ပါရီ သဘောတူ စာချုပ် လက်တွေ့ဖော်ဆောင်ရာ၌ ပိုမိုလွယ်ကူစေရန် စည်းမျဉ်းဥပဒေများ ချမှတ်ခြင်းသည် ယခုအကြိမ် ညီလာခံ၏ အဓိက ဆွေးနွေးရန် ခေါင်းစဉ် ဖြစ်ကြောင်း ပြောကြားသည်။
တရုတ် ကိုယ်စားလှယ်အဖွဲ့ ဒုတိယ ခေါင်းဆောင်၊ နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ရာသီဥတုရေးရာ ဦးစီးဌာန အရာရှိ ရှဲ့ကြည်က ယခုအကြိမ် ညီလာခံတွင် လူသိရှင်ကြား ပွင့်လင်းမြင်သာမှုနှင့် သက်ညှာထောက်ထားမှုမူများကို စွဲကိုင်ပြီး ဆွေးနွေးမည့် ခေါင်းစဉ်များကို ညီမျှစွာ တွန်းအားပေးရန် တရုတ်ပြည်က မျှော်လင့်ကြောင်း၊ ထို့အပြင်၊ ၂၀၂၀ပြည့်နှစ် မတိုင်မီတွင် နိုင်ငံ အသီးသီးမှ ကျင့်သုံးသင့် သည့်ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေး ဆောင်ရွက်ချက်များကို အလေးထားသင့်သည်ဟု တရုတ်ပြည်က ယူဆကြောင်း ပြောကြားသည်။