မြန်မာ့ သစ်တော မူဝါဒ (၁၉၉၅) ကို ပြန်လည် သုံးသပ်ပြီး ပြောင်းလဲမှုများနှင့် ဆီလျော်

2016-11-11 11:20:01 |သတင်းအရင်းအမြစ် 新华网

နေပြည်တော်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၁ နှစ်ကြာ သက်တမ်း ရှည်ကြာပြီး အားနည်းချက်များ ရှိနေသည့်  မြန်မာ့ သစ်တော မူဝါဒ (၁၉၉၅)ကို ပြန်လည် သုံးသပ်မည်ဖြစ်ပြီး ပြောင်းလဲနေသည့် အခြေအနေများနှင့် လိုက်လျောညီအောင် ဆောင်ရွက်သွားမည် ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းဝင်းက ယနေ့  နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

 “မြန်မာ့ သစ်တော မူဝါဒပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်မှုကို ပြန်လည် ဆန်းစစ်ကြည့်ရင် သစ်တော သယံဇတ ထုတ်ယူခြင်းမှ နိုင်ငံရဲ့ စီးပွားရေး လိုအပ်ချက်ကို အတိုင်းအတာတစ်ရပ်အထိ ဖြေရှင်းပေးရမှု၊ လူဦးရေ တိုးပွားမှုကြောင့် သစ်တော သယံဇာတ အရင်းအမြစ်များနှင့် သစ်တောမြေများ ပျက်စီးမှုအပေါ် ဖိအားများ ကျရောက်လာမှု၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ဆိုင်ရာ အားနည်းချက်များကို အခွင့်ကောင်းယူ၍ ၀ိသမ စီးပွားရေး သမားများ၏ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု၊ ၀န်ထမ်းများ စွမ်းဆောင်ရည် နှင့် ကြိုးပမ်း အားထုတ် မှုများ လျော့နည်းကျဆင်းမှု၊ ပြည်သူများ၏ အသိအမြင် တိုးပွားရေးကို ထိရောက်စွာ မဆောင် ရွက်နိုင်မှု တို့ ကြောင့် မြန်မာ့ သစ်တော မူဝါဒပါ ရည်မှန်းချက် လုပ်ငန်းများ ထိရောက်စွာ မဆောင်ရွက်နိုင် ကြောင်း သုံးသပ် တွေ့ ရှိရတဲ့ အတွက် ပြောင်းလဲလာသော  လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေအနေများနှင့် လိုက်လျောညီထွေစွာ ဆင်ခြင် သုံးသပ် ဆောင်ရွက်သွားဖို့  လိုအပ်ပါတယ်” ဟု နေပြည်တော် The Royal ACE hotel တွင် ယနေ့ ပြုလုပ်သည့် “မြန်မာ့ သစ်တော မူဝါဒဆိုင်ရာ ပြန်လည် သုံးသပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲ” တွင် ပြည်ထောင်စု ဝန်ကြီးက ပြောကြားခြဲ့ခင်း ဖြစ်သည်။ 

ထို့ အပြင် ၎င်းက “ မြန်မာ့ သစ်တော မူဝါဒဟာ ၁၉၉၅ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး နှစ်ပေါင်း ၂၁ နှစ် ရှိပါပြီ၊ အမျိုးသား လူမှု စီးပွား ဖွံ့ ဖြိုးတိုးတက်မှု၊ သဘာဝ ပတ်ဝန်းကျင် ထာဝစဉ် တည်ငြိမ်ရေးနှင့် ဂေဟစနစ် မျှတရေး၊ ထာဝစဉ် ဖွံ့ ဖြိုးရေးကို လွှမ်းခြုံပြီး ချိန်ခွင်ညှာ ညီမျှစေရန် ပြဌာန်းခဲ့တဲ့အတွက် ယခုအချိန်အထိ ပဓာန ကျနေသော အချက် ခြောက်ချက်နှင့် လုပ်ငန်းစဉ်များဟာ လက်တွေ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းများ အပေါ် လွှမ်းခြုံ သက်ရောက်နေဆဲ ဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။

မြန်မာ့ သစ်တော မူဝါဒ (၁၉၉၅) ကို ပဓာနကျသော ရည်ရွယ်ချက် ခြောက်ရပ်ဖြင့်လည်းကောင်း၊ သဘောထား ၁၂ ချက် တို့ ဖြင့်လည်းကောင်း ထုတ်ပြန် ပြဌာန်းခဲ့ပြီး ၂၀၀၁-၀၂ မှ ၂၀၃၀-၃၁ ခုနှစ်အထိ အမျိုးသား  သစ်တော ကဏ္ဍ နှစ် သုံးဆယ် ပင်မ စီမံကိန်းကို အဓိက သစ်တော လုပ်ငန်း ၁၆ မျိုး အပါအ၀င် ကြိုးပမ်း အကောင်အထည် ဖော်လျက်၇ှိသည်ဟုလည်း ပြည်ထောင်စု ၀န်ကြီးက ရှင်းပြခဲ့သည်။ 

“ အဲဒီ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့  လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ အညီ တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၅ ခုမှာရှိတဲ့ သစ်တော ခရိုင် ၆၈ ခရိုင်မှာ ခရိုင်သစ်တော အုပ်ချုပ် လုပ်ကိုင်မှု စီမံကိန်းများကို ၂၀၁၆-၁၇ မှ ၂၀၂၅-၂၆ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွက် ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားပါမယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။ 

 “သစ်တောများ ပြန်လည် ထူထောင်ခြင်းနှင့် ထိန်းသိမ်း ကာကွယ်ခြင်း၊ သစ်ထုတ်လုပ်မှု နှင့် သစ်အခြေခံ စက်မှု လုပ်ငန်း၊ သစ်တော စီမံအုပ်ချုပ်မှုနှင့် စွမ်းဆောင်ရည် မြင့်မားစေခြင်းတို့ ကို လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ များပေါ် မူတည်ပြီး အခု အလုပ်ရုံ ဆွေးနွေးပွဲမှာ ဝိုင်းဝန်း အကြံပြု ဆွေးနွေး တင်ပြပြီး ရလဒ်ကောင်းများ ဖော်ထုတ် နိုင်အောင် တက်ရောက်လာသူ အားလုံးက အလေးအနက်ထား ဆောင်ရွက် သွားကြဖို့  ပြောကြား လိုပါတယ်” ဟုလည်း တိုက်တွန်းပြောကြားခဲ့သည်။

ထို အလုပ်ရုံ ဆွေးနွေးပွဲသို့  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနမှ အရာရှိကြီးများ အပြင် လွှတ်တော် ကိုယ်စားလှယ်များ၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ၀န်ကြီးနှင့် အရာရှိကြီးများ၊ ပြည်နယ်-တိုင်းဒေသကြီးများမှ သယံဇာတ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးများ၊ သက်ဆိုင်ရာ NGOs များမှ တာဝန်ရှိသူများ၊ စာတမ်းရှင်များ တက်ရောက်ခဲ့ကြပြီး မြန်မာ့ သစ်တော မူဝါဒ အပေါ် ပြန်လည် သုံးသပ်ခြင်းနှင့် ပတ်သက်ပြီး အုပ်စု သုံးစု ဖွဲ့ ကာ ဆွေးနွေး ခဲ့ကြသည်။

အုပ်စု(၁)သည် ပြောင်းလဲလာသော နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် အနေအထားများနှင့် လိုက်လျော ညီထွေရှိမည့် သစ်တော မူဝါဒအတွက် လိုအပ်သည့် အခြေခံ အချက်များကိုလည်းကောင်း၊ အုပ်စု (၂) သည် သစ်တောများ ပြန်လည် ထူထောင်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း အစီအစဉ် အောင်မြင် စေရန် အထောာက်အကူပြုမည့် သစ်တော စီမံ အုပ်ချုပ်မှု (Forest Governance) လုပ်ငန်းစဉ်များကို လည်းကောင်း၊ အုပ်စု(၃)သည် သစ်ထုတ်လုပ်မှု၊ သစ်အခြေခံ စက်မှု လုပ်ငန်းနှင့် ကုန်သွယ်မှု အတွက် ထည့်သွင်း စဉ်းစားရမည့် အခြေခံ အချက်များ ကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ (Xinhua)