RCEP စေ့စပ်ဆွေးနွေးပွဲအတွက် ကြိုးပမ်းမည်ဟု မလေးရှား ဆို

2016-11-17 11:37:36 |သတင်းအရင်းအမြစ် 国际在线

မလေးရှား နိုင်ငံတကာကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဝန်ကြီး မူစတာဖှာ မိုဟာမက်က၊ TPP ခေါ် ပစိဖိတ် ဖြတ်ကျော် မိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်၏ ရှေ့အလားအလာ ထင်ရှားပြတ်သားမှု မရှိသေးသည့် အခြေအနေမျိုးတွင်၊ လက်ရှိ အချိန်ကာလတွင် မလေးရှားသည် RCEP ခေါ် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို အစွမ်းကုန် တွန်းအား ပေးမည် ဖြစ်ကြောင်း ၁၅ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းနေ့ ကြေညာချက် တစ်ရပ်တွင် မူစတာဖှာက၊ လက်ရှိ အချိန်တွင် မလေးရှားသည် RCEP အပေါ် အာရုံစူးစိုက်နေကြောင်း၊ လက်ရှိ အချိန်ကာလတွင် ရှင်းလင်းပြတ်သားမှု မရှိသည့် ကမ္ဘာ့ စီးပွါးရေး အခြေအနေသည် RCEP အဖွဲ့ဝင်နိုင်ငံ အသီးသီးတို့၏ သန္နိဌာန် ပိုမို ခိုင်မာလာစေပြီး၊ သဘောတူညီမှုကို အမြန်ဆုံး ရရှိရန်အတွက် ဆက်လက် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။

TPP ၏ အလားအလာနှင့် ပတ်သက်ပြီး မူစတာဖှာက၊ အမေရိကန် ပါဝင်ဆင်နွှဲခြင်း မရှိပါက TPP အာဏာတည်နိုင်မည် မဟုတ်ကြောင်း၊ အကယ်၍ ယင်းသဘောတူညီမှု မဖေါ်ဆောင်နိုင်ဟု အတည်ပြုပါက မလေးရှားသည် အခြားသော ရွေးချယ်မှုကို ရှာကြံမည် ဖြစ်ကြောင်း ပြောကြားသည်။ တချိန်တည်းတွင် ၄င်းက၊ ကမ္ဘာ့ စီးပွါးရေး နာလန်ပြန်ထူမှု နှေးကွေးသည့် အခြေအနေတွင် နိုင်ငံအချို့တွင် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးရေး ကာကွယ်ရေးဝါဒ ပြန်လည် ဦးမော့လာရန်အရှိန် ပေါ်လာနေသည်ဟု သတိပေးခဲ့သည်။ နိုင်ငံတကာမိသားစုကြီး အနေနှင့် နိုင်ငံတကာ ကုန်သွယ်မှု တိုးတက်ရေးကို မထိခိုက်စေရန်အတွက် ယင်းအရှိန်ကို ပူးတွဲ တားဆီးဖို့လည်း ၄င်းက ပန်ကြားခဲ့သည်။