တီချင့် မလိုင်လက်ဖက်ရည်တစ်ခွက်က လွန်ခဲ့တဲ့ နှစ်တွေလတွေဆီသို့ နစ်မျောသွားစေနိုင်

2018-04-20 18:53:14 |သတင်းအရင်းအမြစ် 云桥网

တီချင့် နံနက်ခင်းပိုင်းတွင် အိမ်တိုင်း၏ခေါင်းမိုးပေါ်သို့ နေခြည်ဖြာမိုးလျက်ရှိသည်။ အရွယ်အစားမတူသော ပြတင်းပေါက်များမှ မလိုင်လက်ဖက်ရည်ဖျော်နေသံများ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာသည်။ ညပိုင်းမှာတော့ ပြတင်းပေါက်မှတစ်ဆင့် လှမ်းမျှော်ကြည့်လိုက်လျှင် လူကြီးလူငယ်များသည် မလိုင်လက်ဖက်ရည်တစ်ခွက်စီ ကိုင်ထားပြီး ၀ိုင်းဖွဲ့စကားပြောနေကြသည်။ နံနက်မှ မိုးချုပ်ထိတိုင် မလိုင်လက်ဖက်ရည်သည် တီချင့် တိဗက်တိုင်းရင်းသားတို့အတွက် မရှိမဖြစ် ဖြစ်ပါသည်။

တီချင့်မလိုင်လက်ဖက်ရည်မှာ ပျစ်နေသောလက်ဖက်ရည်ကြမ်းနှင့် မလိုင်အား ရောမွေချက်ပြုတ်ထားခြင်းဖြစ်သည်။ မလိုင်လက်ဖက်ရည်ကို ပထမဦးဆုံး မြည်းစမ်းသုံးဆောင်ကြည့်မည်ဆိုလျှင် အဆီအဆိမ့် များလွန်းသည်ဟု ခံစားမိမည်ဖြစ်သည်။ သို့သော် ဆက်ခါဆက်ခါ သောက်ကြည့်လျှင် မလိုင်လက်ဖက်ရည်၏မွှေးရနံ့ကို ခံစားနှစ်သက်လာမည်ဖြစ်သည်။ နောက်ဆုံးတွင် ဤအရသာကို မေ့လို့ရနိုင်တော့မည်မဟုတ်ပေ။

သို့ဖြစ်၍ "မလိုင်လက်ဖက်ရည်များများသောက်ရင် နှစ်သက်သဘောကျသွားမယ်။ မရှိမဖြစ် သောက်ချင်လာမယ်"ဟု အချို့လူက ပြောဆိုပါသည်။

တီချင့်သို့ လည်ပတ်ကြည့်ရှုရာတွင် မလိုင်လက်ဖက်ရည်၏ အရသာကို သောက်သုံးခံစားနိုင်သကဲ့သို့ မလိုင်လက်ဖက်ရည် နှစ်ခြိုက်လာသည်နှင့်အမျှ တီချင့်တိဗက်တိုင်းရင်းသား၏ လူနေမှုဘ၀နှင့်ဓလေ့ထုံးစံများကိုပါ သိရှိခံစားလာနိုင်မည် ဖြစ်သည်။

မလိုင်လက်ဖက်ရည်မည်ကဲ့သို့ချက်ပြုတ်သနည်း။

မလိုင်ထုတ်ယူခြင်း

နို့ရည်ကို အပူပေးပြီး "ရှဲတုန်"ဟူသော သစ်သားပုံးကြီးပေါ်သို့ တင်ထားပါ။ တုတ်တံဖြင့် အဆီနှင့်ရေကို သီးခြားဖြစ်အောင် အထက်အောက်မွေပြီး ရေပေါ်ရှိ အဝါရောင်အဆီကို ခပ်ကာ သားရေအိတ်ထဲသို့ ထည့်သွင်းလိုက်သည့်။ ထို့နောက် အအေးခံပြီးလျှင် မလိုင်ဖြစ်လာမည်ဖြစ်သည်။

မလိုင်လက်ဖက်ရည်ချက်ပြုတ်ခြင်း

မလိုင်ရရှိလျှင် မလိုင်လက်ဖက်ရည်ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။ ပထမဆုံး တက်ဗက် လက်ဖက်ခြောက်ကို ကျေညက်အောင်ပြုလုပ်ပြီး ရေကိုထည့်ပါ။ ရေနွေးကရားတွင် မိနစ်(၂၀-၃၀)ကြာ ပြုတ်ပါ။ ပျစ်သောလက်ဖက်ရည်ကြမ်းပြုတ်ပြီးမှ မလိုင်နှင့်အတူ လက်ဖက်ရည်ကရားတွင် ထည့်လိုက်ပါ။

အစာပလာပေါင်းထည့်ခြင်း

မလိုင်လက်ဖက်ရည်၏ အစာပလာများကို ကြိုတင်ကြော်ရမည်။ များသောအားဖြင့် သစ်ကျားစေ့၊ မြေပဲဆန်၊ နှမ်းမှုန့်၊ တင်းရူးစေ့အဆန် စသည့်အစာပလာများဖြစ်သည်။ ၎င်းအစာပလာများကို ကရားတွင်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ အပေါ်အောက်မွေလိုက်ပါ။ အစာပလာများနှင့် လက်ဖက်ရည်သည် ရောသမမွေပေါင်းစပ်ကာ မလိုင်လက်ဖက်ရည်ကောင်း တစ်ခွက် သောက်သုံးလို့ ရနိုင်ပြီဖြစ်ပါသည်။