၂ဝ၁၈၊ အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီး ပြိုင်ပွဲကို ပထမအကြိမ်အိမ်ရှင်အဖြစ် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက် အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ တာဝေး စက်ဘီးကွင်း-တောင်ညိုလမ်း ၊ ရာဇသင်္ဂဟလမ်း အတိုင်း ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။
ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ တရုတ်၊ ဟောင်ကောင်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ ၊ အီရန် ၊ U.A.E ၊ ဘာရိန်း ၊ မွန်ဂိုးလီးယား၊ ဂျော်ဒန်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ လက်ဘနွန်၊ မကာအိုနှင့် ဆီးရီးယားနိုင်ငံများမှ အားကစားသမား စုစုပေါင်း ၃၇၇ ဦးတို့သည် အားကစားနည်း ၈ မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
အာရှတာဝေး စက်ဘီးပြိုင်ပွဲနှင့် မသန်စွမ်းစက်ဘီး ပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်များ စက်ဘီး အားကစားနည်းတွင် စိတ်ဝင်စားမှုပိုမိုရရှိရေးနှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်သော စက်ဘီး အားကစားသမားများ ပိုမိုထွက်ပေါ်လာစေးရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)