တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano တို့သည် မြို့တော်ပေကျင်း၌ မတ်လ ၂၁ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မှန်ကန်ပြီးစွမ်းရည်ပြည့်ဝသော လမ်းညွှန်မှုများအောက်၌ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံလုံးနှင့် ပြည်သူများ၏ ဘုံအကျိုးစီးပွားများနှင့်အတူ အကောင်းဆုံး အချိန်ကာလသို့ ချဉ်းနှင်းဝင်ရောက်လာပြီဖြစ် ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၂၀၁၆ ခုနှစ်ကတည်းက နှစ်နိုင်ငံအကြား အဆင့်မြင်ဖလှယ်မှုများနှင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု စဉ်ဆက်မပြတ် ခိုင်မာခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာလည်း ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံ ရှိခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။
တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့်အတူ ပြည်သူအချင်းချင်းဖလှယ်ခြင်း၊ ပင်လယ်ရေ ကြောင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဒေသတွင်း ပေါင်းစည်းခြင်းတို့အား ခေတ်သစ် ပိုးလမ်းမကြီး၏ မူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆန္ဒရှိပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂို ဒူတာတေး (Rodrigo Duterte) မှ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ထံသို့ပေးပို့သည့် နှုတ်ခွန်းဆက်သဝဏ်လွှာအား ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Alan Peter Cayetano က ပေးအပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံကလည်း တရုတ်နိုင်ငံနှင့် အတူ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်ကို အကောင် အထည်ဖော်ရန်၊ နယ်ပယ်မျိုးစုံ၌ လက်တွေ့ကျပြီး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်၊ ပင်လယ် ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် တည်တံ့ရေး တိုးမြှင့်ရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးများအား အတွင်းကျကျပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း Cayetano က ပြောကြားခဲ့သည်။ (Xinhua)