လကမ္ဘာမှ နမူနာပုံစံများအား ကမ္ဘာမြေသို့ ပြန်လည်ယူဆောင်လာမည်ဟု မျှော်မှန်းထားသည့် Chang’e-5 လကမ္ဘာစူးစမ်းမှုယာဉ်အား လာမည့်နှစ်အတွင်း ပစ်လွှတ်နိုင်ရန် တရုတ်နိုင်ငံက စီစဉ် ထားကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံအုပ်ချုပ်ရေးဌာန (CNSA) ၏ လကမ္ဘာ စူးစမ်း ရှာဖွေရေးနှင့် အာကာသ အစီအစဉ်စင်တာ လက်ထောက်ညွှန်ကြားရေးမှူး Pei Zhaoyu က ပြောကြား ခဲ့သည်။
Chang’e-5 ၏ လုပ်ဆောင်မှုတွင် ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (Orbiter) တစ်စင်း၊ လူစီး အာကာသယာဉ် Returner တစ်စင်း၊ Ascender တစ်စင်းနှင့် လကမ္ဘာပေါ်ဆင်းသက်ယာဉ် (Lander) တစ်စင်းတို့ ပါဝင်ကာ အလွန်ပင် ခက်ခဲရှုပ်ထွေးသည်ဟု တရုတ်နိုင်ငံ၏ အာကာသနေ့ (Space Day) တွင် ပြုလုပ်သော အာကာသဆိုင်ရာ ညီလာခံ၌ Pei Zhaoyu က ပြောကြားခဲ့သည်။
လကမ္ဘာပေါ်ဆင်းသက်ယာဉ် (Lander) သည် လပေါ်သို့ ဆင်းသက်ပြီးနောက် လကမ္ဘာနှင့်ဆိုင်သော နမူနာများအား Ascender သို့ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ယင်းနောက် Ascender သည် လပေါ်မှ ထွက်ခွာပြီး လကမ္ဘာ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ရှိနေသည့် ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (Orbiter) ၊ လူစီးအာကာသယာဉ် Returner တို့နှင့်ချိတ်ဆက်ကာ အဆိုပါ နမူနာများအား Returner ပေါ်သို့ လွှဲပြောင်းမည် ဖြစ်ကြောင်း Pei Zhaoyu က ဆိုသည်။
ထို Orbiter နှင့် Returner တို့သည် ကမ္ဘာပေါ်မှ ကီလိုမီတာပေါင်းများစွာ ဝေးကွာသည့် နေရာ၌ တစ်စင်းနှင့် တစ်စင်းသီးခြားစီ ကွဲထွက်သွားမည်ဖြစ်သည်။ နောက်ဆုံးတွင် Returner သည် ကမ္ဘာသို့ ပြန်ရောက်လာမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆင့်သုံးဆင့်ပြီးမြောက်ပါက တရုတ်နိုင်ငံအနေဖြင့် လကမ္ဘာပေါ် ဆင်းသက်ခြင်းနှင့် လကမ္ဘာ၏ ဝင်ရိုးစွန်းဒေသများ သက်သေပြခြင်း စသည့်လကမ္ဘာ စူးစမ်းရှာဖွေရေး ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ် ကြောင်း CNSA ၏ အထွေထွေအတွင်းရေးမှူး Tian Yulong က ပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်ဝန်းကျင်တွင် လူလိုက်ပါရန်မလိုသော လကမ္ဘာ စူးစမ်းရှာဖွေမှုယာဉ် အောင်မြင်စွာ ပစ်လွှတ် နိုင်ပြီးတော့ အာကာသစခန်း တည်ဆောက်မှု ပြီးစီးပါက အာကာသလုပ်ငန်းများ ပိုမိုတိုးတက်လာမည် ဖြစ်သည်။ (Xinhua)