(၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ(၁၄)ရက်နေ့ စတင်ကျင်းပမည်

2018-06-12 10:48:42 |သတင်းအရင်းအမြစ် 云南日报

(၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ (၂၅)ကြိမ်မြောက်တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ပြပွဲနှင့် ပထမကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို ဇွန်လ(၁၄)ရက်နေ့မှ (၂၀)ရက်နေ့ထိ ကူမင်းတျိန်ချီအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် (၇)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ယူနန်နေ့စဉ်သတင်းစာအရ သိရပါသည်။

ဇွန်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး ညနေပိုင်းသည် ကျွမ်းကျင်သောစီးပွားရေးလုပ်ငန်းရှင်များ၏ နှီးနှောဖလှယ်ဆွေးနွေးမည့်အချိန်ဖြစ်ကြောင်း၊ ဇွန်လ (၁၅)ရက်နေ့မှ (၂၀)ရက်နေ့ထိ အများပြည်သူများအတွက် ဖွင့်လှစ်ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-တောင်အာရှကုန်စည်ပြပွဲ (အောက်တွင် တောင်အာရှကုန်စည်ပြပွဲဟု အတိုချုံးခေါ်ဝေါ်သည်)သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရဌာနတို့က ဦးစီးကျင်းပခြင်းဖြစ်ပြီး တရုတ်ကူမင်းသွင်းကုန်ပို့ကုန်ပြပွဲကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ယူနန်၊ စစ်ချွန်၊ ချုန်ချင့်၊ ကွမ်ရှီ၊ တိဗက်နှင့် ချိန်ဒူစသည့်ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုက်ရိုက်အုပ်ချုပ်သောမြို့များ၏ ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ကျင်းပသော ဒေသသွင်းကုန်ပို့ကုန်ပြပွဲဖြစ်သည်။

(၅)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲမှာ "'ရပ်ဝန်းတစ်ခုနှင့်လမ်းကြောင်းတစ်သွယ်'ကို ဝိုင်းဝန်းဖော်ဆောင်ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး"ဟူသော အဓိကဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ ပင်မခေါင်းစဉ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံဖြစ်ပြီး အိမ်ရှင်ဧည့်သည်နိုင်ငံက မြန်မာနိုင်ငံဖြစ်သည်။ ခင်းကျင်းပြသတဲ့ ဧရိယာအကျယ်အဝန်းမှာ (၁၉၀၀၀၀) စတုရန်းမီတာကျယ်ဝန်းပြီး ခင်းကျင်းပြသသည့်ပြခန်းအရေအတွက်မှာ (၈၅၀၀)ကျော်ရှိသည်။ နယ်ခြားလုပ်ငန်းရှင်များ ခင်းကျင်းပြသသည့် ဧရိယာအကျယ်အဝန်းမှာ (၄၀%)ကျော်ကာ ယခင်ပြပွဲထက် အတိုင်းအတာမှာ အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။

ပထမကြိမ်မြောက် တရုတ်-တောင်အာရှ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ယူနန်ပြည်နယ်ပြည်သူ့အစိုးရဌာနတို့ ဦးစီးကျင်းပခြင်းဖြစ်သည်။ အဓိကဆောင်ပုဒ်မှာ "တောင်အာရှနိုင်ငံများ ဒေသချင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ခြင်း၊ ဒေသများ၏ဖွံ့ဖြိုးမှုကို ဟန်ချက်ညီညီတွန်းအားပေးခြင်း"ဖြစ်သည်။ ဤဖိုရမ်သည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံအသီးသီးတို့နှင့် အတူညှိနှိုင်းသော၊ အတူတည်ဆောက်သော၊ အတူမျှဝေသော ပေါ်လစီဆွေးနွေးရေး၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ လူမှုဖလှယ်ရေးနှင့် ပညာအတွေ့အကြုံမျှဝေရေးပလက်ဖောင်းအသစ်ကို တည်ထောင်ရန် ရည်ရွယ်ထားပါသည်။ တရုတ်နိုင်ငံသည် ပထမဆုံးနိုင်ငံအဖြစ် တောင်အာရှနိုင်ငံများအပေါ် အစိုးရဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုစနစ်ယန္တရားကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006