GMS စီးပွားရေးစင်္ကြံပြည်နယ်အုပ်ချုပ်ရေးမှူးဖိုရမ်ကို ဇွန်လ(၁၂)ရက်နေ့က ကူမင်းမြို့တွင် ကျင်းပစဉ်။
၂၀၁၈ ခုနှစ် GMS စီးပွားရေးစင်္ကြံပြည်နယ်အုပ်ချုပ်ရေးမှူးဖိုရမ်ကို "စီမံကိန်းပူးပေါင်းဆောင်ရွက်မှုတွင် အဓိကကျသော ရေရှည်မိတ်ဖက် ဆက်ဆံရေးကို ဘက်စုံမှမြှင့်တင်ခြင်း"ဟူသော အဓိကဆောင်ပုဒ်ဖြင့် ဇွန်လ(၁၂)ရက်နေ့က ကူမင်းမြို့တွင်ကျင်းပခဲ့ရာ တရုတ်၊ ကမ္ဘောဒီယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများ၏ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် မြို့များမှ ကိုယ်စားလှယ်များနှင့် အာရှတိုက်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ပါရဂူများ တက်ရောက်ကြပြီး ဒေသအစိုးရပေါ်လစီဆွေးနွေးပွဲကို တိုးချဲ့ခြင်းနှင့် စီးပွားရေးစင်္ကြံတစ်လျှောက်ရှိ စီမံကိန်းပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် အဓိကခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းမှ သိရပါသည်။
၂၀၀၈ ခုနှစ် တတိယအကြိမ်မြောက် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးတွင် GMS စီးပွားရေးစင်္ကြံပြည်နယ်အုပ်ချုပ်ရေးမှူးဖိုရမ်ကို တည်ထောင်ရန် အတည်ပြုပြီးနောက် ယူနန်သည် ဒေသခွဲနိုင်ငံ(၅)ခုနှင့် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် မြှင့်တင်လာကြောင်း၊ လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်အရင်းအမြစ်၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ လူနေမှုဘ၀ စသည့်ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စာရင်းအချက်အလက်များအရ ယူနန်နှင့် ဒေသခွဲနိုင်ငံ(၅)ခုတို့ ကုန်သွယ်ရေးပမာဏမှာ ၂၀၀၈ ခုနှစ်က အမေရိကန်ဒေါ်လာ (၂.၂၁)ဘီလီယံမှ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၁၂.၀၁၂)ဘီလီယံထိ တိုးများလာကြောင်း၊ လူမှုဖလှယ်ရေးကဏ္ဍတွင် ပညာရေးပူးပေါင်းဆောင်ရွက်မှုမှ ရရှိခဲ့သည့် အောင်မြင်မှုမှာ အထူးသိသာထင် ရှားဖြစ်ပြီး ယူနန်တွင် ဒေသခွဲနိုင်ငံ(၅)ခုမှ ပညာတော်သင်ဦးရေမှာ (၁၂၇၀၀)ရှိ ကြောင်း သိရသည်။ (ဆင်ဟွာသတင်းထောက် Nian Xinhong)