တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ ပူးပေါင်းကာ (၇၁)ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲတရားဥပဒေစိုးမိုးရေး ဆောင်ရွက်ခြင်းကို ဇွန်လ(၂၆)ရက်နေ့က ယူနန်ပြည်နယ်စစ်ဆောင်ပန်းနား ကွမ်လိပ်ဆိပ်ကမ်းတွင် စတင်ခဲ့ကြောင်း ယူနန်ပြည်နယ် နယ်ခြားစောင့်တပ်အဖွဲ့ချုပ်မှ သိရသည်။ ယခုအကြိမ် ပူးတွဲတရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်းတွင် "6•26" နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့နှင့် တိုက်ဆိုင်သည့်အလျောက် လေးနိုင်ငံမှ ကင်းလှည့်သင်္ဘောတပ်ဖွဲ့တို့သည် မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပေးခြင်း၊ လေးနိုင်ငံယဉ်ကျေးမှုဖလှယ်ရေးစသည့်အစီအစဉ်များ ပူးတွဲလုပ်ဆောင်ကြမည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ပူးတွဲတရားဥပဒေစိုးမိုးရေး ဆောင်ရွက်စဉ်အတွင်း မိုးရာသီဖြစ်သောကြောင့် ရေမျက်နှာပြင်မှာ အရှိန်အဟုန်ဖြင့် မြင့်တက်လျက်ရှိသည်။ မျောပါလျက်ရှိသော အရာဝတ္ထုများလွန်းပြီး လေကြောင်းမှာလည်းရှုပ်ထွေးကာ အန္တရာယ် များပြားလှပါသည်။ ပူးတွဲတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ တို့သည် တရုတ်နိုင်ငံ ကွမ်လိပ်ဆိပ်ကမ်းမှ ထွက်ခွာပြီး မြန်မာ-လာအိုနယ်စပ်ဒေသရှိ လာအိုရွှေလက်ပံဆိပ်ကမ်းထိ အသွားအပြန် ခုတ်မောင်းမည်ဖြစ်သည်။ စုစုပေါင်းခရီးစဉ်မှာ ၂၅၆ ကီလိုမီတာရှည်ပါသည်။ တရုတ်-မြန်မာ နယ်နိမိတ်ခြင်းဆက်စပ်လျက်ရှိသော ရေပိုင်နက်၊ မြန်မာ- လာအို နယ်နိမိတ်ခြင်းဆက်စပ်လျက်ရှိသော ရေပိုင်နက်တို့ကို ဖြတ်ကျော်ကြမည်ဖြစ်သည်။ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံတို့ ကွပ်ကဲအုပ်ချုပ်သူနှင့်ဆက်သွယ်သူတို့အား တရုတ်ကင်းလှည့်သင်္ဘောဖြင့် စေလွှတ်ပြီး ပူးတွဲကွပ်ကဲအုပ်ချုပ်ကြသည်။
ယခုရက်ပိုင်းတွင် မဲခေါင်မြစ် မြစ်ဝှမ်းဒေသတွင် ကြုံတွေ့နေရသော မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အခြေအနေအပေါ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံမှ ပူးတွဲတရားဥပဒေစိုးမိုးရေးတပ်ဖွဲ့တို့သည် ညှိနှိုင်းကာ ကင်းလှည့်စဉ်တွင် ရွှေကြိဂံဒေသစသည့် အရေးပါသောရေပိုင်နက်များ၌ မြေပြင်ကွင်းဆင်း စုံစမ်းစစ်ဆေးခြင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပေးခြင်း၊ တိုက်ဖျက်ရေး အခြေအနေကို ဖလှယ်ခြင်း၊ တရားဥပဒေစိုးမိုးရေးရပ်တည်ချက်ကို ပူးတွဲသုတေသနပြုခြင်းစသည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ပူးတွဲပြီး ကြိုတင်ကာကွယ်ရေးနှင့် မဲခေါင်မြစ်မြစ်ဝှမ်းဒေသ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ခိုင်မာစွာ ဖောင်ဆောင်မည်ဖြစ်ကြောင်း ယူနန်ပြည်နယ် နယ်ခြားစောင့်တပ်အဖွဲ့ချုပ် ရေပေါ်တပ်ခွဲမှ သက်ဆိုင်ရာပုဂ္ဂိုလ်မှ ပြောကြားပါသည်။
(သတင်းထောက်--Li Faxing)