ယူနန်“အလင်းရောင်သံတမန်”များက မြန်မာမျက်စိအတွင်းတိမ်ရောဂါဝေဒနာရှင်(၂၀၀)ဦးအတွက် အလင်းရောင်ဆောင်ကြဉ်းလာ

2018-10-26 18:41:05 |သတင်းအရင်းအမြစ် 云桥网

၂၀၁၈ ခုနှစ် တရုတ်နိုင်ငံယူနန်ပြည်နယ်၏ မြန်မာနိုင်ငံရန်ကုန်တိုင်း "အလင်းရောင်ခရီးစဉ်" ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ(၂၅)ရက်က ရန်ကုန်မြို့ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနကုသိုလ်ဖြစ် ဆေးရုံကြီးတွင် ကျင်းပသည်။ ဤလှုပ်ရှားမှုမှာ တရုတ်နိုင်ငံယူနန်ပြည်နယ်လူမှုအဖွဲ့အစည်း နိုင်ငံတကာကူးလူးဖလှယ်ရေးတိုးမြှင့်ရေးအသင်း (အောက်တွင် ယူနန်တိုးမြှင့်ရေးအသင်းဟု အတိုချုံးခေါ်ဝေါ်သည်)နှင့် တရုတ်နိုင်ငံယူနန်လူမှုရေးအဖွဲ့အစည်း နိုင်ငံတကာဆက်ဆံမှုချစ်ကြည်ရေးဖောင်ဒေးရှင်း (အောက်တွင် ယူနန်ချစ်ကြည်ရေးဖောင်ဒေးရှင်းဟု အတိုချုံးခေါ်ဝေါ်သည်)တို့ ဦးစီးကျင်းပခြင်းဖြစ်ပြီး ကူမင်းဆေးတက္ကသိုလ် အမှတ်(၁)တွဲဖက်ဆေးရုံမှဆရာဝန်များအဖွဲ့က ဆေးကုသပေးခြင်းဖြစ်ကြောင်း Yunnan Gateway သတင်းအရ သိရပါသည်။

အဆိုပါအလင်းရောင်ခရီးစဉ်တွင် မြန်မာနိုင်ငံမျက်စိအတွင်းတိမ်ရောဂါခံစားနေသော ဝေဒနာရှင်ပေါင်း ၂၀၀ ဦးအား (၇)ရက်တာအတွင်း အလင်းဒါနပြု အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ပြီး ယူနန်တိုးမြှင့်ရေးအသင်းနှင့် ယူနန်ချစ်ကြည်ရေးဖောင်ဒေးရှင်းတို့က ရန်ကုန်မြို့ သီတဂူရွှေပြည်ဟိန်း စက္ခုဒါနကုသိုလ်ဖြစ်ဆေးရုံကြီးအား ကျပ်သိန်း(၅၃၀)ကို ဖွင့်ပွဲအခမ်းအနားတွင် ပေးအပ်လှူဒါန်းကြောင်း သိရပါသည်။

ယူနန် “အလင်းရောင်ခရီးစဉ်” လှုပ်ရှားမှုသည် တရုတ်နိုင်ငံပြည်သူ့အကျိုးပြုလုပ်ငန်း၏ အရေးပါသောအစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံ အရပ်ဖက်ပြည်သူ့အကျိုးပြုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး၏ဇနီး Wang Xue Hong က ပြောကြားပါသည်။

အသက်(၇၀)အရွယ်ရှိ အဖိုး ဦးသိန်းမောင်သည် ငယ်စဉ်ကတည်းက ဧရာဝတီမြစ်ဘေးတွင် နေထိုင်ကာ တံငါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုပါသည်။ လွန်ခဲ့သော(၄)နှစ်က သူ၏ညာဖက်မျက်စိသည် မျက်စိအတွင်းတိမ်ရောဂါစွဲသည့်အတွက် လုံးဝမမြင်နိုင်တော့ပေ။ နေထိုင်မှုဘ၀နှင့်အိမ်ထောင်စုအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ “ယူနန်အလင်းရောင်သံတမန်တွေ ရောက်ရှိလာတဲ့အတွက် အရမ်းပျော်တာပဲ။ ညာဖက်မျက်စိ ပြန်မြင်နိုင်ရင် ကျွန်တော် ငါး ပြန်ဖမ်းလို့ ရနိုင်မယ်။ " ဟုဦးသိန်းမောင်က မျှော်လင့်ချက်အပြည့်အ၀ဖြင့် သတင်းထောက်အား ပြောပြပါသည်။

၂၀၁၄ ခုနှစ် ကတည်းက ယူနန်တိုးမြှင့်ရေးအသင်းနှင့် ယူနန်ချစ်ကြည်ရေးဖောင်ဒေးရှင်းတို့ မြန်မာနိုင်ငံ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ ရန်ကုန်၊ စစ်ကိုင်း စသည့်ဒေသများတွင် "အလင်းရောင်ခရီးစဉ်"လှုပ်ရှားမှုကို (၉)ကြိမ်တိတိ အကောင်အထည်ဖော်ဆောင်ရွက်ပြီး မြန်မာနိုင်ငံမျက်စိတိမ်ရောဂါခံစားခဲ့ရသော လူနာ(၂၂၀၀)ကျော်အတွက် အလင်းဒါနပြု အခမဲ့ခွဲစိတ်ကုသပေးခဲ့ကြောင်း၊ မြန်မာဒေသခံပြည်သူလူထုတို့ ကျယ်ပြန့်စွာ ချီးကျူးခြင်းကိုလည်း ခံရပါကြောင်း သိရပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006