ဇန်န၀ါရီလ(၃၀)ရက်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ် (၄/၂၀၁၉)အရ တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့အား နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်သည့် ငွေကြေးများအဖြစ် သတ်မှတ်ခွင့်ပြုခြင်း ကြေညာလိုက်ကြောင်း၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များတွင် နိုင်ငံတကာငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများ ဆောင်ရွက်ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံတကာ ကုန်သည်များအသင်း၏ ယူနန်အခြေစိုက်အသင်းခွဲ (ယူနန်နိုင်ငံတကာ ကုန်သည်များအသင်း) မှ သိရပါသည်။
ဤသတင်းကောင်းမှာ ၂၀၀၉ ခုနှစ် ဇူလိုင်လကတည်းက တရုတ်ယွမ် (Chinese Yuan – RMB) အား ဘေးပတ်ဝန်းကျင်နိုင်ငံများတွင် နိုင်ငံတကာပုံစံကို မြှင့်တင်ရာတွင် အရေးပါသောခြေလှမ်းကို လျှောက်လှမ်းကာ အရေးပါအောင်မြင်မှုရရှိကြောင်း၊ တရုတ်ယူနန်-မြန်မာနှစ်ဦးနှစ်ဖက်တို့ ကူးသန်းရောင်းဝယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု၊ ပြည်ပကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု စသည်များအား အဆင်ပြေစေရန် အထူးသဖြင့် တရုတ်ယွမ်နှင့်မြန်မာငွေအကြား တိုက်ရိုက်ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများတွင် တည်ငြိမ်သောစနစ်စီမံချက်နှင့် ပေါ်လစီထောက်ပံ့မှုများ ပေးအပ်နိုင် ခဲ့ကြောင်း၊ ထို့ပြင် ယူနန်ပြည်နယ်သည် "ဗဟိုစင်တာတစ်ခုနှင့်ဇုန်(၂)ခု"ဟူသော ငွေရေးကြေးရေးမဟာဗျူဟာအခင်းအကျင်းတည်ဆောက်ရေးအတွက် အထူးသဖြင့် ကူမင်းနိုင်ငံတကာငွေရေးကြေးရေးစင်တာတည်ဆောက်ရေးအတွက် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဆောင်ရွက်ရာတွင် ပေါ်လစီအာမခံချက်ကို ထောက်ပံ့ပေးကြောင်း၊ ယူနန်ပြည်နယ်ကို ဗဟိုပြုကာ တရုတ်နိုင်ငံမှ အိန္ဒိယသမုဒ္ဒရာမျက်နှာပြုသော တောင်ပိုင်း-မြောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှုလမ်းမကြီး တည်ဆောက်ရေးတွင် ငွေရေးကြေးရေး အဆင်ပြေစေခြင်းနယ်ပယ်တွင် လက်တွေ့ကျသော ဖော်ဆောင်မှုဖြစ်ကြောင်း ယူနန်နိုင်ငံတကာ ကုန်သည်များအသင်း ဥက္ကဋ္ဌ လျူကွမ်ရှီက ပြောကြားသည်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံယူနန်ပြည်နယ်၏ ပထမအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်၊ ပထမအကြီးဆုံးသွင်းကုန်နိုင်ငံနှင့်ပို့ကုန်နိုင်ငံဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ယူနန်-မြန်မာ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေးပမာဏမှာ (၆.၃)ဘီလီယံဒေါ်လာရှိကာ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ထူထောင်သောလုပ်ငန်းအဖွဲ့(၁၁၀)ကျော်ရှိပြီး (၂.၇)ဘီလီယံဒေါ်လာ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၊ ထို့ပြင် ယူနန်ပြည်နယ်သည် တရုတ်-မြန်မာစီးပွးရေးစင်္ကြံ၏ မြောက်ပိုင်းအစချီနေရာဖြစ်ကြောင်း၊ ယခုနှစ်ပိုင်းတွင် တရုတ်ယူနန်-မြန်မာနှစ်ဦးနှစ်ဖက်တို့သည် နယ်စပ်ဒေသပြည်သူများဖလှယ်ဆက်ဆံရေး များပြားလာသကဲ့သို့ ကူးသန်းရောင်းဝယ်ရေးတွင်လည်း တစ်နေ့တခြား တိုးများလာကြောင်း သိရပါသည်။
(ပုံ--အင်တာနက်)