မြန်မာစိန်တစ်လုံးသရက်သီး တရုတ်နိုင်ငံတွင် ရေပန်းစား

2019-02-20 18:33:19 |သတင်းအရင်းအမြစ် 云桥网

ဖေဖော်ဝါရီလ လကုန်ကာလသည် တရုတ်ယူနန်ပြည်နယ်အတွင်း မြန်မာ့သစ်သီးဝလံ ကူးသန်း ရောင်းဝယ်ရေး သွင်းကုန်လုပ်ငန်းဆောင်ရွက်နေသော အေဂျင်စီနှင့် လက်ကားကုန်သည်များအတွက် အလုပ်နည်းပါးသော အချိန်ကာလဖြစ်သည်ဟု ပြောနိုင်သည်။ သို့သော်လည်း သူတို့သည် ကြိုဆင် အလုပ်စီစဉ်နေဆဲဖြစ်သည်။ ၂၀၁၅ ခုနှစ်ကတည်းက မြန်မာ့သစ်သီးသွင်းကုန် အီးကော်မရှယ်လုပ်ငန်း အား ဆောင်ရွက်နေသော တယ်ဟုန်ပြည်နယ်သား နုန့်တင်းသည် မြန်မာ့သရက်သီးတင်သွင်းခြင်း အတွက် ကြိုတင်စီစဉ်နေပါသည်။ သရက်သီးထည့်သည့် စက္ကူအိတ်ကို ကြိုတင်မှာယူရသည်။ ပြီးနောက် ကြေငြာအတွက်စာသားကိုလည်း ကြိုတင်ရေးရသည်။

စိန်တစ်လုံးသရက်သီးသည် မွှေးလည်းမွှေး အရသာလည်းချို၏

မြန်မာနိုင်ငံတွင် “အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်”ဆိုသည့် ဆိုရိုးစကား ရှိသည်။ မြန်မာ့စိန်တစ်လုံးသရက်သီးသည် တရုတ်နိုင်ငံက သွင်းယူသော မြန်မာ့သရက်သီးများအနက် နာမည်အကျော်ကြားဆုံး ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း ဧပြီလမှ ဇူလိုင်လအထိ၊ စိန်တစ်လုံးသရက်သီး သည် ကားတစ်စီးပြီးတစ်စီးဖြင့် တယ်ဟုန်ပြည်နယ်ခွဲ ဝမ်တျိန်နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ယူနန်ပြည်နယ်အတွင်း ဆိုင်ကြီးဆိုင်ငယ်သို့ ဝင်ရောက်လေ့ရှိသည်။ ၂၀၁၈ ခုနှစ်က စိန်တစ်လုံး သရက်သီးကို တရုတ်ပြည်တွင်း နာမည်ကျော်သစ်သီးရောင်းဖောင်ဒေးရှင်းဖြစ်သော Pagoda သို့ ပေးပို့ရောင်းချသည်။

ကူမင်းမြို့သူ မစ္စတုန်သည် မြန်မာ့စိန်တစ်လုံးသရက်သီးကို အလွန်ကြိုက်သည်။ နှစ်စဉ်နှစ်တိုင်း စိန်တစ်လုံးများ ဈေးကွက်တင်သည့်ကာလတွင် သူမသည် တယ်ဟုန်ပြည်နယ်ခွဲမှကုန်သည်များထံက ဝယ်စားသည်။ “အိမ်ထဲမှာထားတာ တစ်အိမ်လုံး မွှေးကြိုင်နေတယ်၊ ချိုလည်းအရမ်းချိုတယ်”ဟု သူမ ပြောကြားသည်။

ပထမဦးဆုံးအနေနှင့် စိန်တစ်လုံးသည် တယ်ဟုန်ပြည်နယ်ခွဲတွင်သာ ရောင်းကောင်းခဲ့သည်။ ပြီးနောက် ယူနန်တစ်ပြည်နယ်လုံးတွင် နာမည်ရလာသည်။ ၂၀၁၆ ခုနှစ် တရုတ်နိုင်ငံအခြားပြည်နယ်သို့ စတင်ဝင်ရောက်သည်။ “၂၀၁၃ ခုနှစ်မှာ ၁၀ ကီလိုဂရမ်ကနေ ၁၅ ကီလိုဂရမ်လေးတဲ့ သရက်သီး တစ်အိတ်ရဲ့ လက်ကားဈေးနှုန်းက တရုတ်ငွေ ၄၀ က ၅၀ အထိပဲရှိတယ်။ အခုဆိုရင် ယွမ် ၁၆၀ အထိ ဈေးတက်လာတယ်”ဟု နုန့်တင်းမှ ဆိုသည်။ စားသုံးသူတစ်ယောက်ကလည်း ယခုလို ပြောကြားခဲ့သည် မှာ -- ဈေးမှာ စိန်တစ်လုံးသရက်သီး တစ်ကီလိုဂရမ်က တရုတ်ငွေ(၂၀)လောက် ပေးရတော့ တခြား သစ်သီးနဲ့နှုန်းယှဉ်ရင် ၃ ဆ ၄ ဆ လောက် ပိုဈေးကြီးတယ်။ ဒါပေမဲ့ စားကောင်းလို့ ဈေးကြီးခြင်းကို ဘေးဖယ်ထားလိုက်တယ်။

လျှို့ဝှက်စွာ လေလံတင်ရောင်းချခြင်းဖြင့် စိတ်ဝင်စားဖွယ်ကောင်းနေ

အဘယ်ကြောင့် စိန်တစ်လုံးသရက်သီးသည် ဈေးကြီးသနည်းဆိုသည်ကို နုန့်တင်းက ရှင်းပြသည်။

“သရက်သီးက အစေ့မှ စိုက်ပျိုးကြီးပြင်းလာသောအပင်နှင့် အကိုင်းဆက်ခြင်းဖြင့် ရရှိသောအပင် နှစ်မျိုး ရှိကြောင်း၊ အစေ့မှ စိုက်ပျိုးသည့်အပင်သည် အသီးသီးရန် (၆)နှစ်မှ (၈)နှစ်ခန့်လိုအပ်ပြီး အကိုင်း ဆက်အပင်သည် (၃)နှစ်မှ (၄)နှစ်ခန့်သာ လိုအပ်ကြောင်း၊ အစေ့မှစိုက်ပျိုးသည့်အပင်သည် ကျယ်ပြန့် စွာ စိုက်ပျိုး၍မဖြစ်နိုင်ပဲ အကိုင်းဆက်အပင်သည် ကျယ်ပြန့်စွာ စိုက်ပျိုးနိုင်ကြောင်း၊ အစေ့မှ စိုက်ပျိုး သောအပင်သည် ပိုမွှေးပြီး အရသာကမူ အကိုင်းဆက်အပင် ပိုချိုနေကြောင်း၊ စိန်တစ်လုံးသည် အစေ့မှ စိုက်ထားသည့်အပင် ဖြစ်သော်ငြားလည်း မန္တလေးပတ်ဝန်းကျင်တောင်ကြားတွင် ဖြန့်ကျက်နေကြောင်း၊ နေ့ညအပူချိန်ကွာဟမှု ကြီးသောကြောင့် အကိုင်းဆက်အပင်များကဲ့သို့ ချိုကြောင်း”စသဖြင့် နုန့်တင်းမှ မိတ်ဆက်ပေးသည်။

ထို့ပြင် နုန့်တင်းသည် မြန်မာမူဆယ်၏ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တွင် အလွန်စိတ်ဝင်စားစေနိုင် သည့်ကိစ္စတစ်ခုလည်း ကြုံတွေ့နေရပြီး ၎င်းကိစ္စသည်“လျှို့ဝှက်စွာ လေလံတင်ရောင်းချခြင်း”ဖြစ်သည်။ “တရုတ်ပြည်က သစ်သီးအေဂျင်စီနဲ့ ကုန်သည်တွေက (၁၀၅ ) မိုင်မှာ အသီးဝယ်ယူတဲ့အခါ လူတိုင်း လက်ထဲမှာ ဂဏန်းတွက်စက်တစ်ခုကိုင်ထားပြီး မြန်မာ့သစ်သီးအေဂျင်စီကို ဝိုင်းထားတယ်။ မိမိစိတ်ကူး ထားတဲ့ ဈေးနှုန်းကို ဂဏန်းတွက်စက်ပေါ်မှာ ရေးပြီး မြန်မာ့အေဂျင်စီထံပြပေးလေ့ရှိတယ်။ ဒီလိုဆိုတော့ တရုတ်အေဂျင်စီနဲ့ကုန်သည်တွေအချင်းချင်းက အခြားသူပေးတဲ့ဈေးနှုန်းမသိနိုင်တော့ဘူး။ မြန်မာ့ အေဂျင်စီအနေနဲ့ တရုတ်အေဂျင်စီနဲ့ကုန်သည်တွေပေးတဲ့ဈေးနှုန်းနဲ့အညီ ဘယ်သူထံ သစ်သီး ရောင်းပေးမလဲဆိုတာ ဆုံးဖြတ်တယ်။ များသောအားဖြင့် ဈေးနှုန်းအမြင့်ဆုံးပေးသူက သစ်သီးရမယ်”ဟု နုန့်တင်းမှ ပြောကြားခဲ့သည်။

အသီးလတ်ဆတ်မှုကို မည်ကဲ့သို့ ထိန်းသိမ်းသနည်း

စိန်တစ်လုံး၏ လတ်ဆတ်မှုကို မည်ကဲ့သို့ ထိန်းသိမ်းသနည်းဆိုသည်မှာ ပြဿနာ သိပ်မရှိလှဟု နုန့်တင်း မှ သုံးသပ်ပါသည်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံသည် မြန်မာ့သစ်သီးခြံမှ တရုတ်စားသုံးသူအိမ်သို့အရောက် သရက်သီးတင်ပို့မှုအချိန်ကို လျှော့ချစေရန်အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နေသည်။   “အကောက်ခွန်ရှင်းလင်းခြင်း၊ ကူးစက်ရောဂါကာကွယ်ခြင်း စတဲ့လုပ်ငန်းစဉ်ကိုလည်း စနစ်တကျ တွင်တွင်ကျယ်ကျယ် ဆောင်ရွက်နိုင်တယ်။ ကုန်တင်ကုန်ချခြင်းလုပ်ငန်းစဉ်တိုင်းမှာ သီးသန့်တာဝန်ရှိသူ က တာဝန်ခံလုပ်ဆောင်ပေးပြီး အချိန်တိုတိုလေးမှာပဲ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တယ်။ နံနက်ပိုင်း ၁၀၅ မိုင်မှာ စိန်တစ်လုံးကိုမှာယူပြီး နေ့လည်လောက်မှာ အသီးတွေက ကျွန်တော့်ဆိုင်ကို ရောက်လာ တယ်”ဟု သူက ပြောကြားခဲ့သည်။ “စားသုံးသူတွေအတွက် စိန်တစ်လုံးသရက်သီး လတ်ဆတ်ခြင်း အား ထိန်းသိမ်းတဲ့နည်းလမ်းတစ်ချို့ကို ကျွန်တော်လည်း ခဏခဏမိတ်ဆက်ပေးပါတယ်။ ဥပမာ လေကောင်းလေသန့်ရနိုင်တဲ့နေရာမှာ အသီးထားတာ။ ချက်ချင်းဝယ် ချက်ချင်းစားတာမျိုးပေါ့”

မြန်မာ့သစ်သီး တရုတ်ဈေးကွက်တွင် အလားအလာကောင်းမွန်

မြန်မာနိုင်ငံသည် နေပူချိန်နှင့် မိုးရေကြွယ်ဝပြီး ပထဝီအားသာချက်များကြောင့် သစ်သီးများ အလွန်ချိုသည်။ ရေပါဝင်နှုန်းလည်းမြင့်သည်။ ယခုနှစ်ပိုင်းတွင် တရုတ်-မြန်မာစီးပွားရေး တိုးများလာခြင်း နှင့် တရုတ်စားသုံးသူများ စားသုံးခြင်းအရည်အသွေးမြင့်လာခြင်းကြောင့် ပိုမိုများပြားသော မြန်မာ့ သစ်သီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်လာသည်။ “မြန်မာနာနတ်သီး စတဲ့အသီး ရောင်း ပမာဏလည်း တစ်နှစ်ထက်တစ်နှစ် တိုးနေတယ်။”ဟု နုန့်တင်းမှ ပြောကြားခဲ့သည်။

(Yunnan Gateway)