တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရည်အသွေး ကောင်းမွန်

2019-07-16 18:47:05 |သတင်းအရင်းအမြစ် CRI

တရုတ် အမျိုးသား စာရင်းအင်းဌာနမှ ယခုလ ၁၅ ရက်နေ့က ထုတ်ပြန်သော စာရင်းတွင် ယခုနှစ် ပထမ နှစ်ဝက်ပိုင်းက တရုတ်ပြည်၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ(GDP)မှာ ယွမ်ငွေ ဘီလီယံ ၄၅၀၉၀ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့၃ ရာခိုင်နှုန်း တိုးလာသည်ဟု ဖော်ပြကြောင်း China Media Group မှ သတင်းအရ သိရသည်။

ကမ္ဘာ့ စီးပွားရေးက တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒနှင့် ရင်ဆိုင်နေရသော လက်ရှိအခြေအနေမျိုးတွင် တရုတ် စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် မလွယ်ကြောင်း၊ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ အရည်အသွေးသည် ကောင်းမွန်ကြောင်း China Media Group က ဖော်ပြသည်။

ယမန်နှစ်မှစ၍ ပြင်ပမှ မတည်မငြိမ်ဖြစ်မှုနှင့် မရေမရာဖြစ်မှု တိုးပွားလာခြင်းကြောင့် တရုတ် စီးပွားရေးကျဆင်းမှု ဖိအားကြီးမားလာကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်ပိုင်းက ၆့၃ ရာခိုင်နှုန်းဖြစ်သည့် တိုးနှုန်းသည် တရုတ် စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းမှ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခြင်းသို့ ပြောင်းလဲစေရန် လျာထားချက်နှင့် ကိုက်ညီကြောင်း၊ ထို့အပြင်၊ အလုပ်အကိုင် နေရာချထားရေး၊ ကုန်ဈေးနှုန်း၊ ဝင်ငွေစသည့် အခြား အဓိက မက္ကရိုစီးပွားရေး စံချိန်စံညွှန်းများကို တရားနည်းလမ်းမှန်ကန်တိကျသည့် ဘောင်အတွင်း၌ ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ယင်းသည် တစ်နှစ်ပတ်လုံးတွင် တရုတ် စီးပွားရေး တိုးတက်မှု ရည်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် ကောင်းမွန်သည့် အခြေခံအုတ်မြစ် ဖြစ်ကြောင်း China Media Group က ဖော်ပြသည်။

 နိုင်ငံတကာ အဖွဲ့အစည်းအချို့မှ သက်ဆိုင်ရာ ခန့်မှန်းချက်အရ ယခုနှစ် ပထမနှစ်ဝက်ပိုင်းက တရုတ်စီးပွားရေးတိုးနှုန်းသည် ကမ္ဘာ့အဓိက စီးပွားရေးအုပ်စုများတွင် ရှေ့ပြေးနေသည်ဟု သိရကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်ပြည်၏ အကျိုးပြုစွမ်းဆောင်မှုနှုန်းမှာ ရာခိုင်နှုန်း ၃၀ ရှိကြောင်း၊ အနာဂတ်တွင် တရုတ်ပြည်သည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအားပေးမှု ဖြစ်မြဲဖြစ်နေသေးကြောင်း China Media Group က ဖော်ပြသည်။

ပိုပြီး အရေးကြီးသည့် အချက်က ယခုနှစ် ပထမနှစ်ဝက်ပိုင်းက တရုတ် စီးပွားရေးဖွဲ့စည်းပုံသည် ဆက်လက် သိသာထင်ရှားစွာ တရားနည်းလမ်းမှန်ကန်တိကျလာကြောင်း၊ အလွန်ရှုပ်ထွေးသော နိုင်ငံတကာ အခြေအနေတွင် တရုတ်စီးပွားရေးက အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ခြင်းသို့ ပြောင်းလဲလာနိုင်ခြင်းသည် တရုတ် အစိုးရနှင့် ကုမ္ပဏီများ၏ လက်တွဲကြိုးပမ်းဆောင်ရွက်မှုများနှင့် ခွဲ၍မရကြောင်း၊ ယင်းသည် တရုတ် စီးပွားရေးက ကြီးမားတောင့်တင်းသော ရေရှည်ခိုင်မာမှုနှင့် အန္တရာယ် ခုခံကာကွယ်နိုင်စွမ်းရှိပြီး တရုတ် စီးပွားရေး ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် အခြေခံအခြေအနေ ပြောင်းလဲမှုမရှိခြင်းကို ပြဆိုနေကြောင်း၊ ကမ္ဘာသည် တရုတ် စီးပွားရေးအပေါ် ယုံကြည်မှု ရှိသင့်ကြောင်း China Media Group က ဖော်ပြသည်။