တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ ပိုမိုကောင်းမွန်လာမည်မှာ မုချမလွဲဖြစ်

2019-11-06 18:22:36 |သတင်းအရင်းအမြစ် CRI

နိုဝင်ဘာလ ၅ ရက်နေ့က ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲကို ရှန်ဟိုင်းမြို့တွင် တရားဝင် စတင် ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ တရုတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရှေ့အလားအလာ ပိုမိုကောင်းမွန်လာမည်မှာ မုချမလွဲ ဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ပြောကြားသည်။ ယင်းပြောဆိုချက်သည် စီးပွားရေး ရေရှည်ရှင်သန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှု ထိန်းသိမ်းထားရန် တရုတ်ပြည်၏ ယုံကြည်မှုကို ဖော်ပြနေပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာခြင်း အတွက် ယုံကြည်မှုများစွာကို ဖော်ဆောင်ပေးနေကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ မိန့်ခွန်း အပေါ် အလွှာပေါင်းစုံသည် တူညီသော ခံစားချက်ရှိကြောင်း China Media Group မှ သတင်းအရ သိရသည်။

မကြာခင် နှစ်များက ကုန်သွယ်မှု ဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေး ဝါဒနှင့် ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်းကို ဖီလာဆန့်ကျင်ပြီး လုပ်ခြင်း အတွေးအခေါ်သည် အဆက်မပြတ် ဦးမော့လာ၍ ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အားနည်းနေကြောင်း၊ သို့သော် တရုတ် စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် စီးပွားရေး ဂလိုဘယ်လိုက်ဇေးရှင်း ဆိုင်ရာ ယုံကြည်မှုကို များစွာ တိုးပွားစေကြောင်း၊ ယခုနှစ် တတိယ ၃လပတ်တွင် တရုတ်ပြည်၏ ဂျီဒီပီ ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့၂ ရာခိုင်နှုန်း တိုးလာကြောင်း၊ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သော ”၂၀၂၀ပြည့်နှစ် စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ခန့်မှန်းချက် အစီရင်ခံစာ”တွင် တရုတ်ပြည်၏ အဆင့်နေရာသည် ၁၅နေရာ မြင့်တက်လာပြီး အဆင့် ၃၁နေရာ၌ ရှိနေကြောင်း ဖော်ပြသည်ဟု သိရသည်။

တရုတ်ပြည်သည် လူဦးရေ ၁့၎ဘီလီယံခန့်ရှိ၍ အလွန်ကြီးမားသော ဈေးကွက်ရှိကြောင်း၊ တရုတ်ပြည်တွင် ကမ္ဘာပေါ်၌ အများပြားဆုံးသော ဝင်ငွေ အသင့်အတင့်ရရှိသူများ၊ ထင်ရှားပြတ်သားသော မဟာဗျူဟာ စီမံကိန်း၊ ပျော့ပျောင်းမှုရှိသော မူဝါဒ၊ ဆက်တိုက်ပြုလုပ်နေသော ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုများ ရှိကြောင်း၊ ယင်းသည် တရုတ် စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှု အတွက် စနစ်ဆိုင်ရာ အာမခံချက်များ ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။

တရုတ်ပြည်သည် ဈေးကွက် တံခါးဖွင့်မှု ဆက်လက်တိုးချဲ့ကျင့်သုံးခြင်း၊ တံခါးဖွင့်မှု စနစ် ဆက်လက် ကောင်းမွန်ပြည့်စုံစေခြင်း၊ စီးပွားကုန်သွယ်ရေး လုပ်ကိုင်ဆောင်ရွက်မှု အခြေအနေ ဆက်လက် ကောင်းမွန်စေခြင်း၊ နှစ်ဖက်နှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု ဆက်လက် ဇောက်ချပြုလုပ်ခြင်းနှင့် Belt and Road အတူ တည်ဆောက်ရေး ဆက်လက် တွန်းအားပေးခြင်း စသည့် လက်တွေ့ကျသော ဆောင်ရွက်မှုများဖြင့် နိုင်ငံ အသီးသီးနှင့် အေးအတူ ပူအမျှ၊ အခက်အခဲများကို အတူ ရင်ဆိုင်ကျော်လွှားကြရန် တရုတ်ပြည်၏ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြနေကြောင်း၊ တံခါးဖွင့်မှုရှိသော တရုတ်ပြည်သည် နိုင်ငံ အသီးသီး အတွက် ဈေးကွက်၊ ရင်းနှီးမြှုပ်နှံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပိုမိုများပြားသော အခွင့်ကောင်းများကို ဖန်တီးပေးမည် ဖြစ်ပြီး အတူ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်မည် ဖြစ်ကာ တံခါးဖွင့်မှု ရှိသော ကမ္ဘာ့ စီးပွားရေး ထူထောင်ခြင်း တွန်းအားပေးရန်နှင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန် အတွက် အကျိုးပြု စွမ်းဆောင်မှုများကို အဆက်မပြတ် ပြုလုပ်မည် ဖြစ်ကြောင်း China Media Groupက ဖော်ပြသည်။