ဥာဏ်ရည်တု(AI)နည်းပညာဖြင့် စကားအပြန်အလှန်ပြောနိုင်သည့်စနစ်တစ်ခုကို တရုတ်နိုင်ငံ၏ အကျော်ကြားဆုံးလူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သော WeChat အဖွဲ့ သားများက တီထွင် ဖန်တီးခဲ့ပြီး ၊ ယင်းစနစ်ကို တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် မြို့ တော် ကွမ်ကျုံးမြို့ ၌ ဇန်နဝါရီ ၉ ရက်တွင် စတင်မိတ်ဆက်အသုံးပြုခဲ့ကြောင်း သိရသည်။
၎င်းစနစ်တွင် အသံမှတ်ဥာဏ်နည်းစနစ်တခုပါဝင်ကာ ဂီတနားဆင်မှု ၊ ရာသီဥတုသတင်းရယူမှု ၊ အက်ပလီကေးရှင်း(apps) များချိတ်ဆက်မှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ရန် လုပ်ဆောင်ပေး သွားမည်ဖြစ်ကြောင်းနှင့် တက္ကဆီငှားရမ်းမှု ၊ ဆိုင်ကယ်မျှဝေသုံးစွဲမှုနှင့် အွန်လိုင်းဈေးဝယ်မှုများ အတွက် မီနီပရိုဂရမ်များ တပ်ဆင်ပေးထားကြောင်း WeChat ဒီဇိုင်းထုတ်လုပ်ရေးအဖွဲ့ က ဆိုသည်။ ၂ဝ၁၉ ခုနှစ် WeChat နည်းပညာသစ်စတင်ဖွင့်လှစ်ခြင်းကို ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက် တို့ တွင် လုပ်ဆောင်လျက်ရှိသည်။
WeChat သည် ၂ဝ၁၈ ခုနှစ် ပထမသုံးလအတွင်း အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၂ သန်းကျော်ကို ဖန်တီးပေးခဲ့ပြီး ၎င်းတို့ အနက် ၁.၈ သန်းမှာ မီနီပရိုဂရမ်က ဖန်တီးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကာ စက်မှု လုပ်ငန်းခွဲပေါင်း ၂ဝဝ ကျော်တွင် အလုပ်အကိုင်များ ရရှိခဲ့ကြောင်း WeChat လူမှုကွန်ရက်ကို ပိုင်ဆိုင် သော Tencent Holdings ကုမ္ပဏီ ကဆိုသည်။ နေ့ စဉ်စာတိုပေးပို့ မှုပေါင်း ၄၅ ဘီလီယံနှင့်အတူ လစဉ် WeChat အသုံးပြုသူ ၁ ဘီလီယံကျော်ရှိကြောင်း ကုမ္ပဏီ၏ပြောကြားချက်အရသိရသည်။(Xinhua)