စီးပွားရေးလုပ်ငန်းများတွင် ကျား - မ ရေးရာ တန်းတူညီမျှမှု ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းအသစ်များကို ဆွေးနွေးဖော်ထုတ်ပေးကြရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ယနေ့ နံနက် ပြောကြားခဲ့သည်။
“၂၀၁၉ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့  အထိမ်းအမှတ်အဖြစ် အမျိုးသမီး စွမ်းဆောင်ရှင်များ အသင်း၏ စီးပွားရေး ဆိုင်ရာဖိုရမ်ကတစ်ဆင့် အမျိုးသမီးများအား စီးပွားရေးနဲ့  ပတ်သက်တဲ့ စွမ်းဆောင် ရည်များ မြှင့်တင်ခြင်းနဲ့  စီးပွားရေး လုပ်ငန်း နယ်ပယ်မှာ ကျား - မ ရေးရာ တန်းတူ ညီမျှမှု ဆောင်ရွက် နိုင်ဖို့ အတွက် အခက်အခဲများကို ကျော်လွှားနိုင်မယ့် နည်းလမ်းအသစ်တွေကို ဆွေးနွေး ဖော်ထုတ် ပေးကြပါလို့  မှာကြားလိုပါတယ်” ဟု နေပြည်တော် MICC II တွင် ယနေ့  ကျင်းပသော အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့  အခမ်းအနားတွင် ဒုတိယ သမ္မတက ပြောခဲ့ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့ နှင့် ရသင့်ရထိုက် သော အခွင့်အရေးများ တန်းတူညီမျှ ရရှိစေဖို့ အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသကဲ့သို့  ကုလသမဂ္ဂအဖွဲ့ အစည်းများ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အဖွဲ့ အစည်း များ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများကလည်း ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိသည်ကို မြင်တွေ့  ရသဖြင့် ၀မ်းမြောက်ကြည်နူးမိပါကြောင်း၊ ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြ ဖို့ လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် နိုင်ငံ့ လူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသော မြန်မာအမျိုးသမီးထု၏ စွမ်းပကားကို ပိုမို ဖော်ထုတ် အသုံးချနိုင်ရေး၊ အမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ရရှိထားပြီး တိုးတက်မှုများကို အရှိန်ရစေသော တီထွင် ဆန်းသစ်မှု နည်းလမ်းများကို ဖော်ထုတ်ပေးစေလိုကြောင်းလည်း ဒုတိယ သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။
“ခွင့်တူညီရေး စဉ်းစားလို့  စွမ်းရည်မြှင့်ရေး အလေးပေးဖို့ ၊ ပြောင်းလဲမှုကို ဖန်တီးစို့ ”ဟူသော ဦးတည်ချက်ဆောင်ပုဒ်ဖြင့် ကျင်းပသည့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ သို့  နိုင်ငံတော် သမ္မတ၏ ဇနီး၊ ဒုတိယ သမ္မတ၏ ဇနီးတို့ နှင့်အတူ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်း ၀င်များ၏ ဇနီးများ၊ ပြည်တွင်းပြည်ပအမျိုးသမီးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။ ဖွင့်ပွဲအပြီး ဆက်လက်ပြုလုပ်မည့် ဖိုရမ်တွင် အမျိုးသမီးများအတွက် ထည့်သွင်းစဉ်းစား ထားသော ဥပဒေများနှင့် လုပ်ငန်းများကို မြှင့်တင်ပေးမည့်ပတ်ဝန်းကျင်ကောင်းများ ပေါ်ပေါက်လာ စေရန်၊ ဆုံးဖြတ်ချက်ချခြင်းများတွင် အမျိုးသမီးများ ပိုမိုလုပ်ဆောင်နိုင်ရန် လူမှုကာကွယ်ရေး လုပ်ဆောင်ချက်များ၊ အခြေခံ လူတန်းစားများအတွင်း အမျိုးသမီးအခွင့်အရေး ဦးဆောင် တောင်းဆိုပေးမည့် အစီအစဉ်များ၊ အမျိုးသမီးများအတွက် စီးပွားလုပ်ငန်း အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။(Xinhua)