မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်သို့ မော်တော်ယာဉ် ၅ စီးပေးအပ်လှူဒါန်း

2019-05-05 18:39:44 |သတင်းအရင်းအမြစ် 云桥网

သတင်းထောက်။ ။ ဇော်ရဲအောင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးကော်မရှင်သို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် VOLVO အမှတ်တံဆိပ် မော်တော်ယာဉ် ၅ စီးပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို မေလ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နှင့်သံရုံးမှတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မြန်မာနိုင်ငံအတွင်းက တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အလွန်အင်မတန်မှ အရေးပါ ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တရုတ်-မြန်မာ နယ်စပ်ဒေသတွေအတွက်လည်း အရေးကြီးပါတယ်။ အခုဆိုရင် တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးစင်္ကြန်လမ်း အတူတကွ ဖော်ဆောင်ဖို့် ဆောင်ရွက်နေတယ်။ အခုလို မော်တော်ယာဉ် ၅ စီးလှူဒါန်းတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ဖော်ဆောင်တဲ့နေရာမှာ အထောက်အပံ့ဖြစ်စေဖို့အတွက် ရည်ရွယ်လှူဒါန်းတာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ ကျွန်တော်တို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ လိုအပ်ချက်အရ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ အထောက်အပံ့ပေး ပါဝင်နေပါတယ်။" ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံအမတ်ကြီး Mr.Hong Liang ကပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံအမတ်ကြီး Mr. Hong Liang မှ ငြိမ်းချမ်းရေးကော်မရှင်ထံသို့ VOLVO အမှတ်တံဆိပ်မော်တော်ယာဉ် ၅ စီးအား လှူဒါန်းပေးအပ်ရာ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လက်ခံခဲ့ကာ သံအမတ်ကြီးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ငြိမ်းချမ်းရေးကော်မရှင်သို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယခုလှူဒါန်းသော VOLVO အမှတ်တံဆိပ် မော်တော်ယဉ် ၅ စီးသည် ကာလတန်ဖိုး အမေရိကန် ဒ်ါလာ ၃ သိန်းကျော်ရှိသည်ဟု သိရသည်။

"အဓိကက ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ အဖွဲ့ဝင်တွေက ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆောင်ရွက်ရာမှာ ဖြန့်ပြီးသွားရတာတွေ ရှိတယ်။ မြန်မာနိုင်ငံ တောင်ပိုင်းကနေ မြောက်ပိုင်း သွားလာနေရတယ်။ အထူးသဖြင့် တရုတ်ပြည်ကိုလည်း သွားရပါတယ်။ အဲဒီလိုသွားလာနေရတာတွေကို အဆင်ပြေအောင်ဆိုပြီး တရုတ်နိုင်ငံက ကားတွေပေးအပ် လှူဒါန်းတဲ့အပေါ် အရမ်းဝမ်းသာမိပါတယ်။ အဲဒီမတိုင်ခင်ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အသုံးပြုဖို့ အမေရိကန်ဒေါ်လာ ၃ သိန်း လှူထားတာရှိတယ်။နောက်ပြီး ကချင်ပြည်နယ် ချီဖွေယန်ဒေသက စခန်းတွေမှာလည်း အထောက်အပံ့ပစ္စည်းတွေ လှူဒါန်းထားတယ်။ တရုတ်ဖက်က ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို ရှေ့ဆက်ဆောင်ရွက်ဖို့လည်း အများကြီး ကျန်ပါသေးတယ်။ တရုတ်နိုင်ငံဟာ အိမ်နီးချင်းကောင်း ပီသစွာနဲ့ အခုလိုအကူအညီ အထောက်အပံ့တွေ ပေးနေတဲ့အတွက်လည်း အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။"ဟု ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း ကပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Hong Liang နှင့် သံရုံးမှတာဝန်ရှိသူများ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားတွင် အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး လှူဒါန်းထားသော VOLVO အမှတ်တံဆိပ် မော်တော်ယာဉ် ၅ စီးအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006