တရုတ်နိုင်ငံ၏ အကူအညီဖြင့် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ပြန်လည်ပြုပြင်မွမ်းမံသွားမည့် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

2019-08-12 18:33:35 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံ၏ အကူအညီဖြင့် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)ကို ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက် သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) ပြန်လည်မွမ်းမံခြင်းအထိမ်းအမှတ်အခမ်းအနားမှ သိရသည်။ အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံးသံအမတ်ကြီး မစ္စတာချန်ဟိုင်၊ မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ China AID ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး ချန်ဟိုင်မှ အမျိုးသားအားကစားရုံ ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် ပတ်သက်ပြီး အမှာစကားပြောကြားရာတွင် အမျိုးသားအားကစားရုံကို တရုတ်နိုင်ငံအစိုးရမှ ငွေကြေးစိုက်ထုတ်ပြီး ၁၉၈၀ ခုနှစ်ဝန်းကျင်ကာလက တည်ဆောက်ပေးခဲ့သည့်အတွက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ကိုယ်စားပြုဖော်ပြပေးနေတဲ့ စီမံကိန်းဖြစ်ကြောင်း၊ အဆိုပါအားကစားရုံကြီးမှာ အားကစားပြိုင်ပွဲများစွာကျင်းပနိုင်ခဲ့ပြီး မြန်မာပြည်သူလူထုရဲ့လူနေမှုဘဝကို ပြည့်ဝစေခဲ့ကြောင်း၊ အားကစားနယ်ပယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဒီအားကစားရုံကြီးဟာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြောင်း၊ အချိန်ကာလများစွာ အမျိုးသားအားကစားပြိုင်ပွဲတွေ လက်ခံကျင်းပနိုင်ခဲ့တာဟာ နှစ်ပေါင်း ၃၀ ကျော်လာခဲ့တဲ့အတွက် စက်ပစ္စည်းများ၊ အဆောက်အအုံပိုင်းဆိုင်ရာတွေဟာ ပြိုင်ပွဲတွေ လက်ခံကျင်းပဖို့အတွက် မသင့်လျော်တော့တာကြောင့် တရုတ်နိုင်ငံအစိုးရက ကိုယ်ကျိုးမဲ့ပြန်လည်ပြုပြင်မွမ်းမံဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာပြည်သူလူထုရဲ့လူနေမှုဘဝအတွက် အကျိုးဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ကျေးဇူးတင်စကားပြောကြားရာတွင် “အခုပြုလုပ်တဲ့ အခမ်းအနားက တစ်နိုင်ငံလုံးကို ကိုယ်စားပြုပြီး အားကစားကဏ္ဍအတွက်လည်း ပုံရိပ်ကောင်းတစ်ခုဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံပြီး အမျိုးသားအားကစားရုံကြီးကို ပြန်လည်မွမ်းမံတည်ဆောက်ပေးတဲ့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သံအမတ်ကြီးကတဆင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပြောကြားပေးစေလိုပါတယ်။ ဒီအဆောက်အဦးပြီးစီးသွားရင်လည်း အားကစားကဏ္ဍအတွက် နောက်ဆက်တွဲကောင်းကျိုးများစွာရှိမှာ” ဖြစ်ကြောင်း ပြောကြားသည်။ တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံအမျိုးသားအားကစားရုံသည် ၁၉၈၆ ခုနှစ်တွင် တည်ဆောက်ပြီး လှူဒါန်းပေးထားကြောင်း၊ စုစုပေါင်းစတုရမ်းမီတာ ၀.၂၆ သိန်းရှိပြီး ပရိသတ်ခုံမှာ ၁၀၈၃၅ ခုံရှိပါကြောင်း သတင်းအရသိရပါသည်။ ဤတစ်ကြိမ်ပြုပြင်မွမ်းမံခြင်းစီမံကိန်းမှာ အားကစားရုံဆိုင်ရာ လေအေးပေးစက်စနစ်၊ ရေပိုက်လိုင်းစနစ်၊ ရေဆိုးပိုက်လိုင်းစနစ်၊ အသံစနစ်၊ မီးစနစ်များကို ပါဝင်ပြုပြင်သည့်အပြင် နိုင်ငံတကာအားကစားပြိုင်ပွဲဆိုင်ရာဒီဇိုင်းလိုအပ်ချက်နှင့် မီးသတ်ရန်ဒီဇိုင်းလိုအပ်ချက်အရ ဒီဇိုင်းပြုပြင်မွမ်းမံလုပ်ဆောင်မည်ဖြစ်ပါကြောင်းလည်း သတင်းအရသိရပါသည်။

အဆိုပါပြုပြင်မွမ်းမံခြင်းစီမံကိန်းအား China AID ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူလုပ်ဆောင်ပြီး ၂ နှစ်ကြာမည်ဖြစ်သည်။ ထို့အပြင်၊ ယခုချိန်အထိ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံ--ပထမမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံအတွက် ပြုပြင်မွမ်းမံခြင်းစီမံကိန်းနှင့် နတ်မောက်ပြည်သူ့ဆေးရုံ--ဒုတိယမြောက် တရုတ်-မြန်မာ ချစ်ကြည်ရေးဆေးရုံအတွက် ပြုပြင်မွမ်းမံခြင်းစီမံကိန်းများကို ပြီးစီးသွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှ အကူအညီဖြင့် မြန်မာနိုင်ငံအမျိုးသားဇာတ်ရုံ(ရန်ကုန်)ပြုပြင်မွမ်းမံခြင်းစီမံကိန်းကိုလည်း ၂၀၁၉ ခုနှစ် မေလတွင် စတင်လုပ်ဆောင်ခဲ့ပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006