တရုတ် ပြည်လုံးဆိုင်ရာ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးရေးဖြင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းအစည်းအဝေးကို စက်တင်ဘာလ ၁ ရက်နေ့က စီချွမ်းပြည်နယ် ကွမ်ယွမ် မြို့၌ ကျင်းပခဲ့ရာ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော် ကောင်စီ ဆင်းရဲမှု ပပျောက်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဟူချွင်းဟွာသည် အစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။
ဟူချွင်းဟွာက၊ ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်၏ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို နက်ရှိုင်းစွာ အကောင်အထည် ဖေါ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဆင်းရဲသော ဒေသများ၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းကို အစွမ်းကုန် ထောက်ခံရမည် ဖြစ်ပြီး ဆင်းရဲမှု ပပျောက်ရေးဆိုင်ရာ အထောက်အကူများ ခိုင်ခံ့အောင် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။