တရုတ်နိုင်ငံဆရာများနေ့ ဂုဏ်ပြုညစာဧည့်ခံပွဲအား ရန်ကုန်မြို့တွင် ပြုလုပ်

2019-09-11 19:09:40 |သတင်းအရင်းအမြစ် 云桥网

တရုတ်နိုင်ငံ၏ ရှေးအစဉ်အလာအရ ဆရာ့ကို ရိုသေခြင်း၊ ကန်တော့ခြင်းအစရှိသည့် ရိုးရာတစ်ခုဖြစ်သော တရုတ်နိုင်ငံဆရာများနေ့ ဂုဏ်ပြုညစာဧည့်ခံပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနေအိမ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဂုဏ်ပြုအခမ်းအနားသို့ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်၊ ကွန်ဖြူးရှပ်စာသင်ကျောင်းအစရှိသည့် တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ၊ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဒုတိယသံအမတ်ကြီး Ms.Li Xiaoyan ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ကြည်ရွှင်နှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ အောင်မြင့်ဦးတို့မှ အမှာစကားများ အသီိးသီးပြောကြားပြီး အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ြ

မန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဒုတိယသံအမတ်ကြီး Ms.Li Xiaoyan အား သတင်းထောက်များက မေးမြန်းရာတွင် ဒုတိယသံအမတ်ကြီးမှ "ဒီကနေ့ပြုလုပ်တဲ့ တရုတ်နိုင်ငံဆရာများနေ့ဂုဏ်ပြုညစာစားပွဲဟာ ဆရာ၊ ဆရာမများကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာဖြစ်ကြောင်း၊ ဆရာ၊ဆရာမများကို ဂုဏ်ပြုတဲ့အစဉ်အလာဟာလည်း တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ တူညီတဲ့ အစဉ်အလာတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှာလည်း ဒီကနေ့ ဆရာများနေ့အခမ်းအနားများစွာကို ကျင်းပလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသံရုံးအနေနဲ့ ဒီနေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ ဆရာ၊ဆရာမများနဲ့ တရုတ်နိုင်ငံမှာ ပညာသင်ကြားပေးခဲ့တဲ့ မြန်မာနိုင်ငံက ဆရာ၊ဆရာမများအတွက်လည်း အခုလိုဂုဏ်ပြုညစာစားပွဲကို ပြုလုပ်တာဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူလူထုအချင်းချင်းလည်း ပိုမိုသိရှိရင်းနှီးစေရန် ရည်ရွယ်ကြောင်း၊ ယခုလက်ရှိမှာနှစ်နိုင်ငံအနေနဲ့ ပညာတော်သင်များအားအပြန်အလှန်စေလွှတ်ခြင်းကိုလည်း ပြုလုပ်လျက်ရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ယဉ်မှုတွေကို အပြန်အလှန်သိရှိနားလည်စေမှာ ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးရှိစေမှာဖြစ်ကြောင်း" သတင်းထောက်များကို ပြောကြားခဲ့သည်။

ဆရာများနေ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာသော ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာဘာသာဌာနတွဲဖက်ပါမောက္ခ ဒေါက်တာ မိုးမိုးအောင်က "ဒီနေ့ကျင်းပတဲ့ တရုတ်နိုင်ငံဆရာများနေ့ဂုဏ်ပြုပွဲကို ပထမဆုံးအကြိမ်တက်ရောက်ဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာဆိုရင် ကမ္ဘာ့ဆရာများနေ့နဲ့ တွဲလုပ်ဖြစ်ကြတယ်။ အာစရိယပူဇော်ပွဲတွေလုပ်ကြတယ်။ တရုတ်နိုင်ငံက ဆရာများနေ့ကို ရက်သတ်မှတ်ပြီး လုပ်ကြတဲ့အတွက် ဆရာမအနေနဲ့ ပထမဆုံးအကြိမ်မြန်မာနိုင်ငံနဲ့မတူတဲ့ပုံစံကို တွေ့လိုက်ရတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံရှိ ပညာသင်ကြားတဲ့ ဆရာ၊ဆရာမတွေကို ကျေးဇူးသိတဲ့အနေနဲ့ အခုလိုဂုဏ်ပြုတုန့်ပြန်ပေးတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်။ ဒီဓလေ့လေးဟာလည်း မြန်မာနိုင်ငံရဲ့ နှလုံးသားနဲ့သွားပြီး တူတယ်လို့ ခံစားမိပါတယ်" ဟုအဆိုပါပွဲတက်ရောက်ရသော စိတ်ခံစားမူကို ပြောပြသည်။

"ကျွန်တော်အနေနဲ့ ဒီပွဲကို ပထမဆုံးအကြိမ်တက်ရောက်ဖြစ်ခဲ့တာပေါ့။ အံ့လည်းအံ့သြမိတယ်။ ဝမ်းလည်းဝမ်းသာမိတယ်ပေါ့နော်။ အခုလိုသီးသန့်ဂုဏ်ပြုတဲ့ပွဲကို ပြုလုပ်ပေးတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ တရုတ်နိုင်ငံရဲ့ ဆရာများနေ့မှာ ဒီလိုပြုလုပ်ပေးတာဟာ အင်မတန်ကြည်နူးဖို့ကာင်းပါတယ်" ဟု ရန်ကုန်အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ပန်းချီပါမောက္ခ ဦးမြတ်ထွန်းအောင်က ပြောသည်။

စက်တင်ဘာလ ၁၀ ရက်နေ့သည် တရုတ်နိုင်ငံ၏ ဆရာများနေ့ဖြစ်ပြီး တရုတ်နိုင်ငံအတွင်းမှာလည်း ဆရာများနေ့ဂုဏ်ပြုပွဲအခမ်းအနားများစွာကို ကျင်းပလျက်ရှိကြောင်းသိရသည်။

သတင်းထောက်။ ဇော်ရဲအောင် ဖွေးဖွေးကြည်လင်(“မင်္ဂလာ”မဂ္ဂဇင်း)

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006