ပထမအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ်စီးပွားရေးနှင့်ကုန်စည်ပြပွဲ အောင်မြင်စွာဖွင့်လှစ်

2019-11-22 10:23:44 |သတင်းအရင်းအမြစ် 云桥网

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲနှင့် တရုတ်နိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရတို့ ပူးတွဲကျင်းပသည့်ပထမအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ် စီးပွားရေး နှင့်ကုန်စည်ပြပွဲ အခမ်းအနားကို ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ မိုးလုံလေလုံ အားကစား ခန်းမတွင် အောင်မြင်စွာဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါနယ်စပ်ကုန်စည်ပြပွဲကို ပါဝင်ပြသသည့် တရုတ်-မြန်မာ ကုမ္ပဏီပေါင်း ၈၀ နီးပါးခန့်ရှိကြောင်းသိရပြီး ယင်းအခမ်းအနားကို မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်တကွ ပြည်နယ်အစိုးရမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ လင်ချန်းမြို့ပြည်သူ့အစိုးရအဖွဲ့မှ တာဝန်ရှိများ တက်ရောက်ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ကုန်စည်ပြပွဲသို့ သွားရောက်လေ့ လာကြည့်ရှုခဲ့ သည်။

ကုန်စည်ပြပွဲသို့ ကြည့်ရှုရင်း မြန်မာနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က သတင်းထောက်များ ကို “အခု ကြည့်ရှုလေ့လာရသလောက်ပြောရမယ်ဆိုရင် တရုတ်-မြန်မာ နှစ်နိုင်လုံးရဲ့ ကုန်ပစ္စည်းကွာလတီတွေက အရမ်းကောင်းလာတာကိုတွေ့ရတယ်။ ထုပ်ပိုးမှုအပိုင်းရော နည်းမျိုးစုံနဲ့ လုပ်ကိုင်လာနိုင်တာကိုတွေ့ရတယ်။ အခုလည်း ဒီလိုပေါ့ နှစ်နိုင်ငံလုံးကကုန်ပစ္စည်းတွေကို လေ့လာနိုင်တဲ့အတွက် အပြန်အလှန် နည်းပညာတွေဖလှယ်ကြမယ် အပြန်အလှန်ကုန်သွယ်ဖြန့်ဖြူးရောင်းချကြမယ်ဆိုရင်လည်း စီးပွားရေး၊ ကုန်သွယ်ရေး သာမက ကုန်သည်အချင်းချင်း ဆက်ဆံရတဲ့အတွက်ကြောင့် ဒီပြပွဲဟာ အရမ်းကို အကျိုးရှိပါတယ်။ ဒါတွေဟာ belt and road ထဲက ပေါ်လာတဲ့ရလဒ်တွေဖြစ်တယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရော အပြန်အလှန်ကုန်သွယ်မှုရော ဒီပြပွဲကနေတစ်ဆင့် တိုးတက်လာနိုင်ပါတယ်။”ဟု ပြောကြားသွားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်မှ ကုန်စည်ပြပွဲသို့ သွားရောက်လေ့ရာတွင် တရုတ်-မြန်မာ ကုန်စည်ပြခန်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ပစ္စည်း အမှတ်တံဆိပ်များပတ်သက်ပြီးမေးမြန်းခြင်း၊ နှစ်နိုင်ငံကုန်ပစ္စည်းလိုအပ်ချက်များအား အကြံပေးခြင်း၊ တရုတ်-မြန်မာ ဒေသထွက်ကုန်များအား အပြန်အလှန်ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် ညွှန်ကြားခြင်းများကို ပြုလုပ်ခဲ့သည်။

ကုန်စည်ပြပွဲတွင် မိရိုးဖလာ ဒေသထွက်ကုန်ဖြစ်သည့် ဆန်အရက်ကို ထုပ်ပိုးမှုပုံစံအသစ်ဖြင့် ပါဝင်ပြသသူကိုစိုးလှိုင်က ၎င်းပါဝင်ပြသသည့်ရည်ရွယ်ချက်ကို ပြောပြသည်။

“အဓိက က ကျွန်တော်တို့ဒေသရဲ့ ဒေသထွက်ကုန်ကို နိုင်ငံတကာကို သိစေချင်တာရယ်၊ လင်ချန်းဆိုတာကလည်း ကျွန်တော်တို့နဲ့ အနီးစပ်ဆုံးပေါ့ နယ်မြေချင်းလည်း နီးစပ်တယ်။ အခုလိုအခွင့်အရေးရတုန်းလေး သူတို့ကိုချပြချင်တာလည်းပါတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်းကတော့ ဒေသရဲ့လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဘိုးစဉ်ဘောင်ဆက် မိရိုးဖလာ ရှေးရိုးအစဉ်အလာအတိုင်း ပြုလုပ်ထားတာဖြစ်ပါတယ်။ အခု တရုတ်နဲ့ထိစပ်တော့ ဒီအရသာက ကွဲထွက်မနေဘူး အရသာလည်း နီးစပ်ပါတယ်။ သူတို့လည်း ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ ဒီပွဲကနေ ကုန်စည်စီးဆင်းမှုကောင်းလာရင် ဒေသခံတွေရဲ့ စီးပွါးရေးလည်း တိုးတက်လာနိုင်တဲ့အတွက် နိုင်ငံခြားဝင်ငွေတွေရရှိလာနိုင်မယ်။ ဒေသအတွင်း စီးပွားရေးကို တွင်ကျယ်အောင် ဆောင်ရွက်လာနိုင်တဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်း အားကောင်းလာနိုင်ဖို့ အလားအလာရှိပါတယ်လို့ ကျွန်တော်ထင်တယ်။” ဟု ၎င်းကဆိုသည်။

ယင်းကုန်စည်ပြပွဲတွင် လင်ချန်းမြို့ ၏ အထူးဒေသထွက်ကုန်ပြခန်းဖြစ်သော လက်ဖက်ခြောက်၊ ဆက်သွယ်ရေးစက်ယန္တရား၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ခရီးသွားလာရေးဝန်ဆောင်မှုနှင့်ကုန်စည်များအစရှိသည့် ကုန်စည်အမျိုးအစား ၃၀၆ မျိုးကို ပြသလျက်ရှိပြီး လားရှိုးဒေသထွက်ကုန်ပစ္စည်းများဖြစ်သောကော်ဖီ၊လက်ဖက်ခြောက်၊သစ်သီးခြောက်၊ရိုးရာဆန်အရက်အပါအဝင် အခြားစားသောက်ကုန် ပစ္စည်းအများအပြားကို ပြခန်း ၅၀ ကျော်ဖြင့် ပြသထားကြောင်းသိရသည်။

ပထမအကြိမ် တရုတ်(လင်ချန်း)-မြန်မာ(လားရှိုး) နယ်စပ် စီးပွားရေး နှင့်ကုန်စည်ပြပွဲ ကို လားရှိုးမြို့ မိုးလုံလေလုံ အားကစား ခန်းမ တွင်ကို နိုဝင်ဘာလ ၂၁ မှ ၂၄ ရက်နေ့အထိ လေးရက်တိုင် ကျင်းပသွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှစတင်ကာ လားရှိုးမြို့နှင့်လန်ချမ်းမြို့တို့မှာ အလှည့်ကျကျင်းပသွားမည်ဖြစ်ကြောင်း သတင်းအရ သိရသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006