တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၂ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီးတွင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ဒါရိုက်တာချုပ် ဂေအော်ဂီယဲ့ဗာ နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။
ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ရှီကျင့်ဖိန်က လက်ရှိအချိန်၌ ကမ္ဘာ့ စီးပွားရေး တိုးတက်မှု အရှိန် ကျဆင်းခြင်း အန္တရာယ် တိုးပွားလာကြောင်း၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ ဦးမော့လာ၍ ဘက်ပေါင်းစုံ ဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးသည် ကြီးမားသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း၊ နိုင်ငံတကာ မိသားစုကြီးသည် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့၏ အခန်းကဏ္ဍ အပေါ် ပိုမိုကြီးမားသည့် မျှော်လင့်ချက် ထားရှိကြောင်း၊ ဒါရိုက်တာချုပ် ဂေအော်ဂီယဲ့ဗာ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့သည် နိုင်ငံတကာ ငွေကြေး စီမံခန့်ခွဲရေး စနစ်ကို တစ်ဆင့်တိုး ကောင်းမွန်ပြည့်စုံစေရန်၊ တက်သစ်စ ဈေးကွက် ဖြစ်သည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောဆိုပိုင်ခွင့်ကို တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့် ကြောင်း ပြောကြားသည်။
ဂေအော်ဂီယဲ့ဗာက အနာဂတ်တွင် တရုတ်ပြည်သည် ငွေကြေးနှင့် ငွေရင်းစသည့် နယ်ပယ်အသီးသီး၌ တံခါးဖွင့်မှုကို ဆက်လက် ကျင့်သုံးမည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့သည် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အလွန် အလေးထားပြီး ဆက်လက် နက်ရှိုင်းစေမည် ဖြစ်ကြောင်း ပြောကြားသည်။