ဟိုဖက်အိမ်ကို အလည်သွားခဲ့သည်

2019-12-06 12:41:59 |သတင်းအရင်းအမြစ် 《吉祥》杂志

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ရေမြေချင်းဆက်စပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ နှစ်နိုင်ငံပြည်သူချင်းချစ်ကြည်ရင်းနှီးကာယဉ်ကျေး မှု လည်းဆက်နွယ်နေပါသည်။ ယခုအချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံသည် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" နှင့် "တရုတ်-မြန်မာစီးပွားရေးစင်္ကြံ" ကိုအတူတည်ဆောက်လျက် ရှိနေပါသည်။

အိမ်နီးချင်းများဖြစ်သည့် ထိုင်း၊ အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံနှင့် ထိစပ်မှုအများဆုံးနိုင်ငံများဖြစ်သည်။ မြန်မာနှင့် တရုတ်တို့၏ နယ်နိမိတ်ချင်းထိစပ်မှုသည် ကီလိုမီတာ ၂၀၀၀ ကျော်ရှိပြီးမြန်မာ-တရုတ် ချစ်ကြည်ရေးသည်လည်းနှစ်ပေါင်း ၂၀၀၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားမှ ရင်းနှီးခင်မင်သောဆက်ဆံရေးသည် နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဆွေမျိုးသားချင်းညီရင်းအကိုပမာချစ်ကြည်ရင်းနှီးကြခြင်းဖြင့် "ပေါက်ဖော်" "ဆွေမျိုးပေါက်ဖော်" ဟူ၍ပင် ခေါ်ခဲ့ကြပါသည်။

ဘီစီ(၄)ရာစုတွင် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ရွှေငွေလမ်းမကြီးဖြစ်သည့် စီချွမ်-ယူနန်-မြန်မာရှေးဟောင်းလမ်းမကြီးအဖြစ် တောင်ပိုင်းကုန်းတွင်းပိုးလမ်းမကြီးအားဖောက်လုပ်ခဲ့ရာမှ နှစ်နိုင်ငံအကြားရှိစီးပွားရေး၊ လူမှုရေးဆိုင်ရာအပြန်အလှန် ဆက်သွယ်မှုများအားစတင်ခဲ့ကြသည်ဟုမှတ်သားရပါသည်။ ထိုလမ်းမကြီးတွင် ရောင်းဝယ် ဖောက်ကားနေသည့် ရွှေငွေများထက်ပင် တန်ဖိုးကြီးသောအရာသည် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူတို့အကြားစစ်မှန်သောချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပင် ဖြစ်သည်ဟုဆိုသည်။

ထိုသို့ဆိုလျှင် ယနေ့ခေတ် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်" ခေတ်သစ်ပိုးလမ်းမစီမံကိန်းနှင့် "တရုတ်-မြန်မာစီးပွားရေးစင်္ကြံ" တည်ဆောက်နေမှုသည် ခေတ်ကာလနှင့်ကိုက်ညီသည့် အနာဂတ်မျှော်လင့်ချက်များပင် ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် “The Belt and Road” အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာဦးဆောင်ကော်မတီကိုဖွဲ့စည်းဆောင်ရွက်လျက် ရှိပါသည်။

တရုတ်နိုင်ငံသည် တိုးတက်ဖွံ့ဖြိုးလာသည်။ ကြီးပွားချမ်းသာလာသည်။ နည်းပညာမြှင့်လာသည်။ ဆင်းရဲမွဲတေမှုပပျောက်နှုန်းအမြင့်ဆုံးသို့ရောက်လာသည်။ ဝဝလင်လင်မစားသောက်ရသည့် အောက်ဆုံးမှသည် တံခါးဖွင့်ကာ လျှောက်လှမ်းခဲ့သောနှစ်ပေါင်း ၄၀ ကျော်အတွင်းကမ္ဘာ့စီးပွားရေးနံပါတ် ၂ နေရာရောက်ရှိအောင် ကြိုးပမ်းလာခဲ့သည့် အောင်မြင်မှုများကိုအတုယူလေ့လာရမည် ဖြစ်ပါသည်။ တရုတ်သည် အမေရိကန်နှင့် မယှဉ်နိုင်သောနယ်ပယ် ကျဉ်းလာသည်။ နေရာအတော်များများတွင် အမေရိကန်ကိုရင်ဘောင်တန်းလာနိုင်သည်မှာအမေရိကန်ကပင် ထိပ်လန့်နေရသည့် အနေအထားဖြစ်လာသည်။

ကျွန်တော်သည် တရုတ်ပြည်ကို ၁၅ နှစ်တာကာလအတွင်း ၅ ကြိမ်ရောက်ဖူးပါသည်။ ဖွံ့ဖြိုးတိုးတက်မှုများအားအံ့မခန်းတွေ့မြင်ရပါသည်။ လမ်းပန်းဆက်သွယ်ရေး၊ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ မြို့ပြ၊ လူမှုဘဝစသည့် အရာအားလုံးသည် တိုးတက်ဖွံ့ဖြိုးခြင်းအရှိန်အဟုန်တွင် အလိုက်သင့်စီးမျောနေပါသည်။

စာနယ်ဇင်းသမားတစ်ဦးအနေဖြင့် တရုတ်ပြည်ခရီးစဉ်သွားကြသည့်အခါ "မင်းတို့ကိုဝါဒမှိုင်းတိုက်လိုက်လိမ့်မယ်" "တရုတ်ခရီးစဉ်ကဘာမှထူးခြားတာရှိမှာမဟုတ်ဘူး။ ကောင်းတဲ့နေရာတွေပဲလိုက်ပြမှာ။ ကောင်းကောင်းကျွေးမယ်။ ကောင်းကောင်းထားမယ်။ သူတို့ရဲ့ကောင်းကြောင်းတွေပဲပြောပါလိမ့်မယ်" ဟုပြောလေ့ရှိကြပါသည်။ မှန်ပါသည်။ ချစ်ကြည်ရေးခရီးစဉ်သွားကြရာတွင် အဆင့်မီသောဟိုတယ်တွင် တည်းခိုရသည်။ ဒေသ၏ ထူးခြားကောင်းမွန်သည့် အစားအစာဖြင့် ဧည့်ခံသည်။ ထင်ရှားသည့် အဆောက်အအုံ၊ သာယာလှပသည့် ရှုခင်းသာနေရာ၊ ဖွံ့ဖြိုးတိုးတက်နေသည်တို့ကိုလိုက်ပြပါသည်။ ကြိုးစားရုန်းကန်ပြီးအောင်မြင်မှုရှိတွေကိုပြောပြသည်။ ကျွန်တော်တို့ကိုမြို့ပြ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ဆန့်ကျင်နေသည်များကိုမပြ။ မပြောပေ။

ထိုသို့ပြုမှုဆက်ဆံခြင်းသည် ဧည့်သည်ကိုဧည့်ခံခြင်းသာဖြစ်ပါသည်။ တကူးတကလာရောက် လေ့လာခြင်းအတွက် အနည်းငယ်ပိုသောဧည့်ဝတ်ကျေပွန်မှုမျှသာဖြစ်သဖြင့် သံသယဖြစ်ရန် မရှိပေ။ မိမိအိမ်သို့ မိတ်ဆွေသူငယ်ချင်းဧည့်သည်လာလျှင်ပင် ကောင်းမွန်စွာဧည့်ခံကြရသည်မှာလူမှုဓလေ့တစ်ခုပင် ဖြစ်ပါသည်။ မည်သို့မျှ ပို၍ ထူးခြားသွားခြင်းမရှိပေ။

မြန်မာနှင့်တရုတ်တို့သည် ရှည်လျားသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးရှိနေသော်လည်းတဖက်တွင် ပုံရိပ်မလှသောအမြင်များ၊ သံသယရှိခြင်းများနှင့် ခွဲခြားမရအောင် ရှိနေတတ်သည်။ ဆင်းရဲချမ်းသာကွာဟမှုကထိုသို့မြင်စေသည်ဟုထင်မိပါသည်။ တရုတ် မုန်းတီးရေးစိတ်အခံဖြင့် တရုတ်ကိုမပစ်ပယ်ဖို့၊ တရုတ်ကိုလျစ်လျှူမရှုဖို့ လိုပါသည်။ အိမ်နီးချင်းဟူသည် ရွေးချယ်၍မရနိုင်ပေ။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်နေသဖြင့် တရုတ်ကိုမခေါ်ချင်လို့မရပါ။ တရုတ်ကိစ္စများနှင့် ပတ်သက်လာလျှင် ငြင်းပယ်ရန် ခက်ခဲပါသည်။ တရုတ်ကိုမုန်း၍ မြန်မာပြည်မြေပုံကိုတရုတ်နှင့်ဝေးရာသို့ ရွှေ့လို့လည်းမရနိုင်ပါ။ ပထဝီအရထိစပ်နီးကပ်နေခြင်းကြောင့် ကိစ္စတော်တော်များများအားပူးပေါင်းဆောင်ရွက်ကြရသည်။ ငြင်းပယ်ခြင်းမှာအနည်းငယ်သာဖြစ်နေတတ်ပါသည်။

ကျွန်တော်တို့သည် တရုတ်နှင့်ပတ်သက်လာလျှင် အိမ်နီးချင်းကောင်းပီသစွာဆက်ဆံနေပြီးတရုတ်မုန်းတီးရေးအမြင်ဖြင့် အလေးမထား၊ ဂရုမစိုက်နေ၍ မရပါ။ ဒေသအလိုက် နယ်ပယ်အလိုက် လေ့လာရေးအဖွဲ့များဖြင့် တရုတ်ရေးရာလေ့လာသုတေသနပြုကာမိမိတိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သင့်သည်ကိုပူးပေါင်းလုပ်ဆောင်ရပါမည်။ အမြင်ကျယ်ဖို့လိုပါသည်။ အမြင်ရှင်းနေရပါမည်။

ကျွန်တော်တို့သည် မျက်စိစုံမှိတ်ကာတရုတ်အားကောင်းသည်။ တရုတ်အားအပြည့်အဝထောက်ခံသည်ဟုဆိုလိုနေခြင်းမဟုတ်ပါ။ အောင်မြင်မှု၊ တိုးတက်မှုအတွက် အတုယူစရာရှိသည်ကိုအတုယူရမည်။ လေ့လာစရာရှိသည်ကိုလေ့လာရပါမည်။ အချိန်တိုကာလအတွင်းကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိလာအောင် ကြိုးပမ်းခဲ့သည့် တရုတ်တို့၏ ချဲ့ထွင်တည်ဆောက်ခဲ့သောအံ့မခန်းဖွံ့ဖြိုးတိုးတက်မှုများမှာ ကျွန်တော်တို့အတွက် လေ့လာသင်ယူစရာကောင်းသောသက်သေပင်ဖြစ်ပါသည်။
ပြီးခဲ့သည့်နှစ်ကရပ်ဝန်းနှင့် ပိုးလမ်းမကြီးစီမံကိန်းတွင် မြန်မာနိုင်ငံကပါဝင်ဆောင်ရွက်ရန် အတွက် လက်မှတ်ရေးထိုးခဲ့ပြီးမြန်မာ-တရုတ် စီးပွားရေးစင်္ကြံပူးတွဲတည်ထောင်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာကိုလည်းတရုတ်နိုင်ငံပေကျင်းမြို့၌ လက်မှတ် ရေးထိုးခဲ့သည်။ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းတွင် အကောင်အထည် ပေါ်လာမည့် စီမံကိန်းတစ်ခုဖြစ်သည့် မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်နိုင်ရေးအတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများစတင်ဆောင်ရွက်နေပြီဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက်သည် “ငြိမ်းချမ်းစွာပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်ခြင်း၊ အပြန်အလှန်လေ့လာအတုယူခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း” ဟူသည့် ပိုးလမ်းမကြီးစိတ်ဓာတ်ကိုအရင်းခံ၍ “အတူတကွ ဆွေးနွေးခြင်း၊ အတူတကွ တည်ထောင်ခြင်း၊ အတူတကွမျှဝေခြင်း” ဟူသည့် ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကိုလိုက်နာမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရာတွင် လက်ငင်းအကျိုးနှင့် ရေရှည်အကျိုးကြည့်ရမည်ဖြစ်သည်။ တစ်ဦးတည်းတစ်ဖက်တည်းသာအကျိုးအမြတ် ရရှိလိုခြင်းနှင့်အကျိုးအမြတ်ပိုမိုရရှိလိုခြင်းမှာမဖြစ်နိုင်ပါ။ ရင်းနှီးမြှုပ်နှံမှုများမှ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စုအကျိုးအမြတ် ညီမျှကာဖွံ့ဖြိုးတိုးတက်မှုကိုရှာဖွေရမည်ဖြစ်သည်။

ကျွန်တော်သည် ဟိုဖက်အိမ်ကိုအလည်သွားခဲ့သည်။ လေ့လာခဲ့သည်။ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်၊ အတူတကွ အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများကိုတွေ့မြင်ခဲ့ရသည်။ အသီးအပွင့်များကရှိနေပြီဖြစ်သည်။ ကျွန်တော်တို့ ခူးဆွတ်စားသုံးတတ်ရန်သာလိုသည်။ ယူတတ်လျှင် ပညာရမည်။ လုပ်တတ်လျှင် တိုးတက်မည် ဟူသောအမြင်သည် ကျွန်တော့်မျက်စိထဲတွင် စွဲထင်နေသည်။

ဘဦး

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006