သြဂုတ်လ ၂၈ ရက်နေ့တွင် ကျန်းကွေ့ရှန်သည် စက်ရုံ၌ မော်တော်ဆိုင်ကယ်တာယာများကို စစ်ဆေးနေစဉ်။
အသက် ၂၃ နှစ် အရွယ်ရှိ ကျန်းကွေ့ရှန်သည် မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးတစ်ဦးဖြစ်ပြီး သူသည် ယခုအချိန်တွင် ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိန်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့ ယဉ်ရှန် မော်တော်ဆိုင်ကယ်စက်မှုဇုန်အတွင်း အလုပ်လုပ်စီးပွားရှာနေသည်။ လွန်ခဲ့သော ၄ နှစ်က သူသည် သိကျွမ်းသူ၏ မိတ်ဆက်ခြင်းဖြင့် ဇာတိမြေဖြစ်သော မြန်မာနိုင်ငံ ကချင်ပြည်နယ်မှ ထွက်လာပြီး ယဉ်ရှန်စက်မှုဇုန်ကို အလုပ်လာလုပ်ခဲ့သည်။ သူသည် စက်ကိရိယာ အစိတ်အပိုင်းပစ္စည်းများ တပ်ဆင်ခြင်းအလုပ်ကို စတင်လုပ်ကိုင်ခြင်းမှသည် မော်တော်ဆိုင်ကယ်ထုတ်လုပ်ရေးလိုင်းကို ဖြည်းဖြည်းချင်း သိကျွမ်းလာသည်။ လွန်ခဲ့သော ၂ နှစ်တွင် သူသည် အလုပ်ထူးချွန်သောကြောင့် “လိုင်းမှူး”အဖြစ် တိုးမြင့်ခန့်ထားခံရပြီး ထုတ်လုပ်ရေးလိုင်းတွင် မော်တော်ဆိုင်ကယ်တပ်ဆင်ခြင်း၏ အရည်အသွေး၊ စက်ကိရိယာ အစိတ်အပိုင်းပစ္စည်းများ စီမံအုပ်ချုပ်ခြင်းနှင့် ဝန်ထမ်းများစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အလုပ်များအား အဓိက တာဝန်ခံစီမံအုပ်ချုပ်နေသည်။ ၂၀၁၉ ခုနှစ် သြဂုတ်လတွင် တရုတ်(ယူနန်)လွတ်လပ်သော ကုန်သွယ်မှုရှေ့ပြေးဇုန်ကို တယ်ဟုန်ပြည်နယ်ခွဲတွင် ဆိုင်းဘုတ်တင်ဖွင့်လှစ်ခဲ့ပြီး နယ်စပ်မြို့ပြဖြစ်တဲ့ရွှေလီအား ခွန်အားထည့်သွင်းခဲ့သည်။ ရှေ့ပြေးဇုန်၏ ဖွံ့ဖြိုးတိုးတက်မှုကို အမှီပြုပြီး ကျန်းကွေ့ရှန်က အလုပ်လုပ်နေသည့် ယဉ်ရှန်လုပ်ငန်းသည် လုပ်ငန်းအတိုင်းအတာ အဆက်မပြတ် တိုးချဲ့ခြင်းနှင့်အညီ ကျန်းကွေ့ရှန်၏ လစာဝင်ငွေသည်လည်း အစပိုင်းက တရုတ်ငွေယွမ် ၁၃၀၀ မှ ယခုအချိန်တွင် အကျိုးအမြတ်အလိုက်ရရှိငွေ အပါအဝင် တရုတ်ငွေယွမ် ၄၀၀၀ ကျော် ရရှိနေသည်။ “ယခုဆိုရင် ကျွန်တော်က တရုတ်မှာ နေရထိုင်ရတာ ကျင့်သားရနေပြီ။ ကုမ္ပဏီက စီစဉ်ပေးတဲ့ အဆောင်မှာနေ၊ ကုမ္ပဏီရဲ့စားသောက်ခန်းမှာ စားတာမို့ အသုံးစရိတ် သိပ်မများပါဘူး။ ဝင်ငွေရဲ့တစ်ဝက်ကျော်ကို အိမ်ပြန်ပို့နိုင်တယ်။ အားတဲ့အခါ မိသားစုတွေနဲ့ wechat ကတစ်ဆင့် စကားစမြည်ပြောတယ်”ဟု သူက သတင်းထောက်အား ယခုကဲ့သို့ပြောခဲ့ပါသည်။ ကျန်းကွေ့ရှန်သည် တစ်ဦးတည်းအေးဆေးစွာနေထိုင်ရသည်ကို ကြိုက်နှစ်သက်သည်။ သူသည် ငွေကို လုံလောက်အောင်စုဆောင်းကာ မြန်မာနိုင်ငံသို့ပြန်ပြီး အအေးဆိုင်ကလေးတစ်ခုကို ဖွင့်လှစ်ကာ ကော်ဖီ၊ ယမကာ နှင့် ဖျော်ရည်တို့ကို ရောင်းချမည်ဟု စိတ်ကူးမျှော်လင့်ထားသည်။
(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန၊ ဘာသာပြန်၊ Yunnan Gateway)