တရုတ်နိုင်ငံတိဗက်ဒေသ၌ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အဓိကအောင်မြင်မှုရရှိကြောင်း ကြေညာ

2020-10-16 16:46:43 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆောင်ရွက်ရာတွင် အဓိကအောင်မြင်မှု ရရှိခဲ့ကြောင်း ဒေသဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ(CPC) အကြီးအကဲWu Yingjie က ယနေ့အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ တိဗက်ဒေသ၌ လူပေါင်း ၆၂၈,၀၀၀ ခန့်ကို ဆင်းရဲနွမ်းပါးမှုမှ ဆွဲထုတ်နိုင်ခဲ့ပြီး ယင်းဒေသအား နိုင်ငံအဆင့် ဆင်းရဲနွမ်းပါးမှု စာရင်းမှ ၇၄ ခုမြောက် ဖယ်ရှားနိုင်ခဲ့ကြောင်း တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Wu က ထည့်သွင်းပြောကြားခဲ့သည်။

ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ တိဗက်သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အောင်မြင်မှုများရရှိရန်အတွက် အလုံးစုံ ဆင်းရဲနွမ်းပါးမှု ကိုင်တွယ်ဖြေရှင်းရေးကို အလေးအနက်ထားဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

တိဗက်ဒေသ၌ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတွင် အဓိကအောင်မြင်မှုရရှိခဲ့ခြင်းမှာ တိဗက် ကုန်မြင့်ဒေသကြီးတွင် ဆိုရှယ်လစ်စနစ်၏ အခွင့်အလမ်းအားကောင်းလာစေရန် သက်သေပြမှုများပင် ဖြစ်ကြောင်း Wu က ဆက်လက်ပြောကြားခဲ့သည်။

“ကမ္ဘာ့ခေါင်မိုးကြီး” ဟု ထင်ရှားကျော်ကြားသည့် တိဗက်ဒေသသည် အလွန်တရာလှပသော မြေမျက်နှာသွင်ပြင်အနေအထား နှင့်တိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်ထွန်းကားရာ ဒေသတစ်ခုလည်းဖြစ်သည်။ ယင်းဒေသသည် တရုတ်နိုင်ငံ နိုင်ငံလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး လှုပ်ရှားဆောင်ရွက်မှုတွင် အဓိက နေရာများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။ (Xinhua)