ယူနန်ပြည်နယ်တယ်ဟုန်ပြည်နယ်ခွဲသည် အအေးခန်းဖြင့်တင်သွင်းလာသောစားသောက်ကုန်များ ထိန်းချုပ်လျက်ရှိရာ မြန်မာ့ပို့ကုန်များ သတိပြုရန်လို

2020-12-10 15:36:34 |သတင်းအရင်းအမြစ် 德宏政务微信公众号、云桥网整合

ယခုနှစ် ဇွန်လကစတင်ပြီး တရုတ်နိုင်ငံဒေသအချို့၌ ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များ၏ ထုတ်ပိုးမှုမျက်နှာပြင်တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး အဆိုပါ စားသောက်ကုန်နှင့် အနီးကပ်ထိတွေ့သူသည် ကိုဗစ်-၁၉ အတည်ပြုလူနာအဖြစ် စစ်ဆေးဆုံးဖြတ်ခဲ့ရာ ကိုဗစ်-၁၉ ကပ်ရောဂါသည် အအေးခန်းဖြင့်တင်သွင်းလာသောစားသောက်ကုန်များမှတစ်ဆင့် ကူးစက်နိုင်ကြောင်း အတည်ပြုခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်ကဏ္ဍအား ကာကွယ်ထိန်းချုပ်ခြင်းကို အဆက်မပြတ် အားထည့် ဆောင်ရွက်နေပါသည်။

ကိုဗစ်-၁၉ ပိုးသည် သွင်းကုန်များနှင့်အတူ ဝင်ရောက်လာနိုင်ခြင်းကို တတ်နိုင်သမျှ တားဆီးရန်၊ အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များ လုံခြုံစိတ်ချစွာ စားသောက်ခြင်းကို အာမခံရန် တရုတ်နယ်စပ်ပြည်နယ်ခွဲဖြစ်သော ယူနန်ပြည်နယ်တယ်ဟုန်ပြည်နယ်ခွဲသည် ယခုရက်ပိုင်းတွင် အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များဆိုင်ရာ ထိန်းချုပ်ရေးကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ မူဆယ်သည် မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် ကူသန်းရောင်းဝယ်ရေးဆောင်ရွက်ရန် အဓိကနယ်စပ်ဂိတ်ဖြစ်ပြီး နေ့စဉ်နေ့တိုင်းတွင် ရေထွက်ကုန်ပစ္စည်း စသည့်စားသောက်ကုန်များ တရုတ်သို့ ဝင်ရောက်ခြင်း များပြားလှသည်။ မြန်မာနိုင်ငံမှ သက်ဆိုင်ရာလုပ်ငန်းရှင်များ အနေဖြင့် တယ်ဟုန်ပြည်နယ်ခွဲ၏ အဆိုပါကြေညာချက်များကို သေချာစွာ သိရှိနိုင်အောင် အောက်ပါအတိုင်း တင်ပြလိုက်ပါသည်။

ထုတ်ပြန်ချက်အရ၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့ ကစတင်ကာ တယ်ဟုန်ပြည်နယ်ခွဲသို့ ဝင်ရောက်ကာ သိုလှောင်၊ ရောင်းချနှင့် ကုန်ချောထုတ်လုပ်သည့် အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များသည် သီးသန့်သတ်မှတ်ထားသည့် သိုလှောင်ခန်းသို့ ပို့ဆောင်ပြီး ပိုးသတ်ကာ နမူနာယူ၍ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းကို ဆောင်ရွက်ရမည်။ ပိုးသတ်ခြင်းနှင့် nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းအဖြေရလဒ်တွင် ပိုးမတွေ့မှသာ ကုန်ပစ္စည်းများထွက်ယူခွင့်ရရှိမည်ဖြစ်ပြီး တယ်ဟုန်ပြည်နယ်ခွဲတွင် သိုလှောင်၊ ရောင်းချနှင့် ကုန်ချောထုတ်လုပ် နိုင်မည်ဖြစ်သည်။

တယ်ဟုန်ပြည်နယ်ခွဲသည် မန်စီမြို့၊ ရွှေလီမြို့၊ လုံးချွမ်းခရိုင်၊ ယဉ်ကျန်းခရိုင်နှင့် လျှံဟော်ခရိုင်တွင် ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်အား သီးသန့်သိုလှောင်ခန်း စုစုပေါင်း ၅ ခန်းကို အထူးသတ်မှတ်ထားပါသည်။ ပြည်ပမှ အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များ တယ်ဟုန်ပြည်နယ်ခွဲသို့ မရောက်မီ ၂၄ နာရီအတွင်း လုပ်ငန်းဆောင်ရွက်သူများသည် သီးသန့်သိုလှောင်ခန်းကိုဆက်သွယ်၍ ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ကဲ့သို့ လုပ်ငန်းရှင်အမည်၊ တင်သွင်းမည့် စားသောက်ကုန်များ၏ မှတ်ပုံတင်၊ အကောက်ခွန်ဆိုင်ရာ စာရွက်စာတမ်း၊ သွင်းကုန်ပို့ကုန်ရောဂါပိုးစစ်ဆေးပြီးစီးခြင်း သက်သေခံလက်မှတ်၊ ကုန်ပစ္စည်းမှာယူသူအမည်၊ ကုန်ပစ္စည်းများ ရောင်းချမည့်နေရာ၊ ကုန်တင်ကားဆိုင်ရာအချက်အလက်၊ ယာဉ်မောင်း၏ အမည်နှင့် ဖုန်းနံပါတ် စသည့်အချက်အလက်များ ပြည့်စုံစွာ တင်ပြရမည်။

ထို့ပြင်၊ ယခုထုတ်ပြန်မှုမတိုင်မီ တယ်ဟုန်ပြည်နယ်ခွဲသို့ သိုလှောင်၊ ရောင်းချနှင့် ကုန်ချောထုတ်လုပ်ရန် အအေးခန်းဖြင့် တင်သွင်းရောက်ရှိနေသော စားသောက်ကုန်များအား သက်ဆိုင်ရာလုပ်ငန်းရှင်သည် တရားဝင်မှတ်ပုံတင်ထားသည့် nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပိုးသတ်ခွင့်ရှိသည့်ဌာနကို အပ်နှံပြီး နမူနာယူခြင်း၊ nucleic acid ဓာတ်ခွဲစစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်သကဲ့သို့ ၎င်း၏ ထုတ်ပိုးမှု မျက်နှာပြင်ကိုလည်း ပိုးသတ်ရန်လိုအပ်သည်။ nucleic acid ဓာတ်ခွဲစစ်ဆေးပြီးနောက် ကိုဗစ်-၁၉ ပိုး မတွေ့ကြောင်းနှင့် ပိုးသတ်ပြီးစီးကြောင်း သက်သေခံလက်မှတ် ရရှိပြီးမှသာ ဈေးကွက်သို့ တင်ပို့ ရောင်းချခြင်း သို့မဟုတ် ကုန်ချောထုတ်လုပ်ငန်း ဆောင်ရွက်နိုင်ပါမည်။

အကယ်၍ အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များ nucleic acid နမူနာဓာတ်ခွဲစစ်ဆေး ခြင်းတွင် ပိုးတွေ့ရှိပါက တယ်ဟုန်ပြည်နယ်ခွဲ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဌာန၏ ညွှန်ကြား သတ်မှတ်ချက်များနှင့်အညီ အချိန်နှင့်တပြေးညီ ဖြေရှင်းဆောင်ရွက်မည် ဖြစ်သည်။

သီးသန့်သိုလှောင်ခန်းသည် အအေးခန်းဖြင့် တင်သွင်းလာသော စားသောက်ကုန်များအား နမူနာယူ ဓာတ်ခွဲစစ်ဆေးခြင်း၊ ထုတ်ပိုးမှု၏မျက်နှာပြင် ပိုးသတ်ခြင်း၊ သိုလှောင်ခြင်း စသည်တို့၏ ကုန်ကျစရိတ်များအား သက်ဆိုင်ရာလုပ်ငန်းရှင်မှ တာဝန်ယူကျခံရမည်။ အဆိုပါကြေညာသတ်မှတ် ချက်များကို ဖောက်ဖျက်လျှင် သက်ဆိုင်ရာဥပဒေစည်းကမ်းချက်များနှင့်အညီ တင်းကြပ်စွာ အရေးယူ မည်ဖြစ်သည်။(မင်္ဂလာမဂ္ဂဇင်း)