ယူနန်ပြည်နယ်၏ နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်လုပ်ငန်းများ တရုတ်-တောင်အာရှ အွန်လိုင်းကုန်စည်ပြပွဲတွင် ခင်းကျင်းပြသရန် ပြင်ဆင်နေ

2020-12-11 15:09:10 |သတင်းအရင်းအမြစ် 云桥网

ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ထိ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို အွန်လိုင်းမှတစ်ဆင့် ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့‌ဒေသအသီးသီးမှ လုပ်ငန်းရှင်များသည် အွန်လိုင်းတွင်စုစည်းပြီး ကုန်စည်ခင်းကျင်းပြသခြင်း၊ စီးပွားရေးအပြန်အလှန်ဖလှယ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

ဝူကျိုးနိုင်ငံဖြတ်ကျော် အီးကော်မာ့စ်ကုမ္ပဏီလီမိတက်၏ ဒုအထွေထွေမန်နေဂျာ ယွမ်ရစ်ဟိုင်သည် သူတို့ကုမ္ပဏီ၏ တရုတ်-တောင်အာရှကုန်စည်ပြပွဲ (ကုန်စည်ပြပွဲ)တွင် ပါဝင်ပြသခြင်း နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို မျှဝေပေးခဲ့ပါသည်။ ဝူကျိုးကုမ္ပဏီသည် ယခင်ကုန်စည်ပြပွဲများတွင်လည်း ပါဝင်ပြသခဲ့ပြီး လုပ်ငန်းရှင်များစွာနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စများ ဆွေးနွေးခဲ့ကြကာ အကျိုးရလဒ်များစွာ ရရှိခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိသော်လည်း အခြားကုမ္ပဏီနှင့်ပူးပေါင်းပြီး နိုင်ငံဖြတ်ကျော်ကုန်သွယ်မှုပမာဏသည် ဒေါ်လာ သန်း ၄၀ ကျော် ရရှိခဲ့သည်။ ယွမ်ရစ်ဟိုင်သည် ၎င်းကိစ္စမှတစ်ဆင့် နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်၏ ရှေ့အလားအလာကို တွေ့ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဖွံ့ဖြိုး တိုးတက်မှုအတွက် ယုံကြည်ချက် ပိုမိုခိုင်မာစေခဲ့သည်။

ရွှေလီကျယ်ခေါင် MAO CUTONG အီးကော်မာ့စ်ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌဖြစ်သူ ဝမ်ကွမ်းဖူသည်လည်း ယခုအကြိမ်အွန်လိုင်းကုန်စည်ပြပွဲအတွက် မျှော်လင့်ချက်များရှိနေပါသည်။ နှစ်ပေါင်းများစွာအတွင်း သူသည် တရုတ်ပြည်တွင်း အရည်အသွေးမြင့်ထွက်ကုန်များကို မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့သကဲ့သို့ အိမ်နီးချင်း မြန်မာနိုင်ငံမှ မိတ်ဖက်များနှင့် လက်တွဲပြီး လယ်ယာထွက်ကုန်များအား တရုတ်နိုင်ငံသို့ တင်သွင်းခြင်းကဏ္ဍအတွက် ကြိုးစားလျက်ရှိနေပါသည်။ “အွန်လိုင်းကုန်စည်ပြပွဲကတစ်ဆင့် မိတ်ဆွေသစ်နဲ့ချိတ်ဆက်နိုင်ဖို့ မျှော်လင့်သလို အတူတကွ ဈေးကွက်သစ်ချဲ့ထွင်ဖို့ကိုလည်း မျှော်လင့်ပါတယ်”ဟု ဝမ်ကွမ်းဖူမှ ဆိုသည်။

HAOHONG အုပ်စု ကျင်းတာ့မွန်နိုင်ငံဖြတ်ကျော် အီးကော်မာ့စ်ကုမ္ပဏီ လီမိတက်၏ ဒုအထွေထွေမန်နေဂျာ ဝေဆူးကျယ်သည် အွန်လိုင်းကုန်စည်ပြပွဲ တွင် ပါဝင်ရန် အလုပ်များလျက်ရှိသည်။ “ကုန်စည်ပြသခြင်းက ရည်ရွယ်ချက် တစ်ခုပေါ့၊ ပိုအရေးကြီးတာဟာ ကုန်စည်ပြပွဲကတစ်ဆင့် လုပ်ငန်းရှင်တွေနဲ့ဆက်ဆံမှုကို ချိတ်ဆက်ဖို့ပါ။ ပြည်တွင်းပြည်ပ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ကို ရှာဖွေဖို့လိုအပ်သလို ပိုများတဲ့စီးပွားရေး အခွင့်အလမ်းကောင်းတွေကိုလည်း ရှာတွေ့လိုပါတယ်။” ဝေဆူးကျယ်က ပြောကြားခဲ့ပါသည်။