တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ အစိုးရသို့ပေးပို့လှူဒါန်းသည့် COVID-19 ရောဂါ တိုက်ဖျက်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သော ဆေးဘက်ဆိုင်ရာ အကာအကွယ်ဝတ်စုံများ ၊ နှာခေါင်းစည်းများနှင့် စမ်းသပ်ကိရိယာများသည် မတ်လ ၂၆ ရက်နေ့ ည ၁၁:၄၀ အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါလှူဒါန်း မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သံအမတ်ကြီးမစ္စတာချန်ဟိုင်မှ သတင်းမီဒီယာများ၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားခဲ့သည်။
"ဒီတကြိမ်လှူဒါန်းတဲ့ပစ္စည်းတွေက တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ ဗဟိုအစိုးရကို လှူဒါန်းတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ မကြာခင်ကလည်း တရုတ်အစိုးရက မြန်မာနိုင်ငံကို COVID-19 ကာကွယ်ရေး အထောက်အကူပြုပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။ ဒီတကြိမ်လှူဒါန်းတဲ့ပစ္စည်းတွေက ပိုပမာဏကြီးမားပါတယ်။ ဒီ ဆေးဘက်ဆိုင်ရာအထောက်အကူ ပြုပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ COVID-19ထိန်းချုပ်ရေး၊ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဆေးကုသမှုပစ္စည်းတွေအပြင် ကျွမ်းကျင်တဲ့ဆေးဘက်ဆိုင်ရာအဖွဲ့တွေ ကို စေလွှတ်နိုင်ဖို့သာမက မြန်မာနိုင်ငံရဲ့ COVID-19 ရောဂါကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အဖက်ဖက်မှ ကူညီထောက်ပံပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုလှူဒါန်းရာတွင် COVID-19 တိုက်ဖျက်ရေးအထောက်အကူပြုဆေးဘက်ဆိုင်ရာပစ္စည်းများဖြစ်သော PPE ဝတ်စုံ ၅၀၀၀ အပြင် N95 Mask ၅၀၀၀ နှင့် တစ်ခါသုံး Mask ၂ သိန်းကျော် ပါဝင်ကြောင်းသိရသည်။ ယင်းပစ္စည်းများ၏ စုစုပေါင်းတန်ချိန် ၂ ဒသမ ၄၅ တန်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့အနေနဲ့ တွေရဲ့လုံခြုံမှုအတွက်ကို လိုအပ်တဲ့ဆေးဘက်ဆိုင်ရာအထောက်အပံ့ပစ္စည်းတွေအများကြီး လိုအပ် တာပေါ့နော်။ ဒီလို လိုအပ်တဲ့အချိန်၊ အလွန်အရေးကြီးတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက်၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူ ပြည်သားတွေအတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအားလုံးရဲ့ လုံခြုံမှုအတွက်ကို ကာကွယ် ရေးအထောက်အပံ့ပစ္စည်းတွေအပြင် ရောဂါရှာဖွေရေးစက်ပစ္စည်းတွေကိုလည်း လှူဒါန်းခဲ့တဲ့အတွက် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ပါတယ်။ တရုတ်နိုင်ငံဟာ အိမ်နီးချင်းကောင်းပီသတဲ့နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့လည်း တရုတ်နိုင်ငံဆီက COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွေ့အကြုံကောင်းတွေကို အသုံးချပြီး မြန်မာ ပြည်သူပြည်သားများအတွက် အကောင်းဆုံးအဖြေတစ်ခုရအောင် ကြိုးစားဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခဒေါက်တာ စောသန်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံအား တရုတ်နိုင်ငံရှိနယ်ပယ်အသီးသီးမှ ကုမ္ပဏီများက COVID-19 ကာကွယ်ထိန်းချုပ်ရေးဆေးဘက်ဆိုင်ရာ ပစ္စည်းများကို လာမည့်သီတင်းပတ်အတွင်း ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းအရသိရသည်။
သတင်းထောက်။ ။ဇော်ရဲအောင်(“မင်္ဂလာ”မဂ္ဂဇင်း)