နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ရဲမှူးအာကာစိုး၊ တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းရှိ “တရုတ်ဆွေမျိုး”

2020-04-24 16:35:21 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်း နိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“အခက်အခဲကြုံတွေ့ရင် မြန်မာစကားပြောတတ်တဲ့ ရဲမှူး အာကာစိုးကို အကူအညီ တောင်းလိုက်ပါ။”“ရဲမှူးအာကာစိုးဟာ ကျွန်တော်တို့ရဲ့ ‘တရုတ်ဆွေမျိုး’ပါ။ ကျွန်တော်တို့ကို အလေးထား ဂရုစိုက်ပါတယ်။”“ရဲမှူးအာကာစိုးနဲ့ ဆက်ဆံရတာဟာ ကိုယ်ဇာတိက ရဲမှူးနဲ့ ချစ်ချစ်ခင်ခင် စကားပြောရသလိုပဲ။”

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင်မှာ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်နဲ့ အလုပ်သမားတို့ အမြဲတမ်း ပြောဆိုနေတဲ့သူဟာ ရဲမှူး အာကာစိုးပါ။ အခက်အခဲတွေ ကြုံတွေ့ရင် သူကို အကူအညီ တောင်းလေ့ရှိပါတယ်။ ပျော်ရွှင်ဖွယ်ရာတွေ ရှိရင် သူနဲ့ အတူမျှဝေလေ့ရှိပါတယ်။

ချင်ဝမ်ခွန်လို့ လူသိများတဲ့ ရဲမှူးအာကာစိုးဟာ လုံချွမ်းခရိုင်ရဲဌာန ပြည်ဝင်ပြည်ထွက်ကြီးကြပ်ရေးဌာနက ရဲမှူးတစ်ယောက် ဖြစ်ပါတယ်။ သူက မြန်မာဘာသာစကား အထူးပြုလေ့လာခဲ့တယ်။ “အာကာစိုး”ဆိုတာဟာ တက္ကသိုလ်တက်တုန်းက ဧည့်ပါမောက္ခဆရာက သူကို မှည့်ထားပေးတဲ့ မြန်မာနာမည်ပါ။ တိုင်းပြည်တစ်ခွင် သာယာချမ်းမြေ့တယ်လို့ အဓိပ္ပာယ်ရပါတယ်။

လုပ်ငန်းခွင် ဝင်ရောက်တဲ့အချိန်ကစပြီး ချင်ဝမ်ခွန်က ပြည်ဝင်ပြည်ထွက်ကြီးကြပ်ရေးဌာနမှာ တာဝန်ထမ်းဆောင်တာ (၁၈)နှစ် ရှိပါပြီ။ တာဝန်တိုင်းအပေါ် စိတ်အားထက်သန်မှု ရှိသူ ဖြစ်ပါတယ်။ နိုင်ငံဖြတ်ကျော် ရဲဌာနပြည်သူ့လုံခြုံရေးထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ လုပ်ကိုင်မှုအရည်အချင်းကို မြှင့်တင်ဖို့ ချင်ဝမ်ခွန်ဟာ ပြည်ပရေးရာနဲ့ ပတ်သက်တဲ့ ဥပဒေစည်းကမ်း၊ ရဲဌာနပြည်သူ့လုံခြုံရေး ထိန်းသိမ်းမှုဗဟုသုတ စတာတွေကို တစိုက်မတ်မတ် ဆည်းပူးခဲ့ပါတယ်။ ထူးချွန်တဲ့ တရုတ်-မြန်မာ နယ်စပ် ရဲဌာနပြည်သူ့လုံခြုံရေးထိန်းသိမ်းမှု ဆက်ဆံသူတစ်ယောက် ဖြစ်လာပါတယ်။

“မြန်မာနိုင်ငံက ရဲမှူးတွေနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ရာမှာ အပြန်အလှန် နားလည်ရမယ်။ ကတိကဝတ်တွေ လိုက်နာစောင့်စည်းရမယ်”လို့ မိမိရဲ့ လုပ်ငန်းအတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့အခါမှာ ချင်ဝမ်ခွန်က အခုလို ပြောပြပါတယ်။ လူတစ်ယေက်နဲ့ တစ်ယောက် ဆက်ဆံသလိုပဲ နိုင်ငံဖြတ်ကျော် ရဲဌာနပြည်သူ့လုံခြုံရေးထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ဖို့ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်တို့ အတူတကွ အားသွန်ခွန်စိုက်‌ဆောင်ရွက်ဖို့ လိုပါတယ်။ လုပ်ငန်းအတွေ့အကြုံများစွာရှိတဲ့ ချင်ဝမ်ခွန်ကို တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲဌာနပြည်သူ့လုံခြုံရေးထိန်းသိမ်းမှု ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်ရေး လှုပ်ရှားမှုတွေမှာ မြန်မာဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။

တရုတ်-မြန်မာ နယ်နိမိတ်မျဉ်းမှာရှိတဲ့ အောက်ခြေရဲမှူးအနေနဲ့ ချင်ဝမ်ခွန်ရဲ့ အဓိကအလုပ်ဟာ လုံချွမ်းရောက် မြန်မာနိုင်ငံသားတွေကို စီမံခန့်ခွဲအုပ်ချုပ်တာနဲ့ ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်။ သူတို့ကို ဥပဒေစည်းကမ်း စုံစမ်းမေးမြန်းရေးဝန်ဆောင်မှု ထောက်ပံ့ပေးတယ်။ ပဋိပက္ခအငြင်းပွားမှုတွေ ဖြေရှင်းပေးတယ်။ ချင်ဝမ်ခွန်အတွက် အမှတ်ရစေတဲ့ အမှုတစ်ခုရှိပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၁ ရက်နေ့က မြန်မာနိုင်ငံသားနှစ်ယောက်တို့ဟာ လုံချွမ်းခရိုင် ကျန်ဖုန်မြို့နယ်မှာ တစ်ရွာတည်းသားကို ရိုက်နှက်ပြီး အမိနိုင်ငံကို ထွက်ပြေးခဲ့တယ်။ ချင်ဝမ်ခွန်က ထွက်ပြေးနေတဲ့ သံသယရှိသူရဲ့ ဆွေမျိုးရင်းချာတွေကို ချက်ချင်း ဆက်သွယ်ပါတယ်။ ဒါ့ပြင် WeChat ဗီဒီယို call ဖြင့် ထွက်ပြေးနေတဲ့ သံသယရှိသူတွေနဲ့ စကားပြောဆိုကြပါတယ်။ နောက်ဆုံးမှာ ချင်ဝမ်ခွန်က စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချမှုကြောင့် ထွက်ပြေးနေတဲ့ သံသယရှိသူတို့ကိုယ်တိုင် သူ့ရုံးဌာနကိုလာပြီး မိမိဆန္ဒအလျောက် အပြစ်ဝန်ခံ အဖမ်းခံပါတယ်။

ချင်ဝမ်ခွန် အလုပ်လုပ်ကိုင်တဲ့ လုံချွမ်းခရိုင်မှာ အမြဲတမ်းနေထိုင်တဲ့ လူဦးရေ ၁.၉ သိန်းရှိပါတယ်။ ၎င်းအနက် နိုင်ငံခြားသားဦးရေဟာ ၁ သောင်းကျော်ရှိပါတယ်။ နိုင်ငံခြားသားတွေနဲ့ အဆင်မပြေတဲ့ ဆက်ဆံရေးအခက်အခဲတွေကို ဖြေရှင်းဖို့ လုံချွမ်းခရိုင်ရဲဌာနဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက “လုံချွမ်းရဲမှူးအာကာစိုး”အဖွဲ့ဆိုတဲ့ WeChat အများပြည်သူအကောင့်ကို မြန်မာဘာသာနဲ့ ဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေအတွက် တရုတ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားဖော်ပြတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်း ရှင်းလင်းချက်နဲ့ စုံစမ်းမေးမြန်းရေး အတိုင်ပင်ခံဝန်ဆောင်မှုကို ထောက်ပံ့ပါတယ်။

“ဒီ WeChat အများပြည်သူအကောင့်ကို ဖွင့်လှစ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတို့ရဲ့ ချီးကျူးစကားကို တော်တော်များများ ကြားခဲ့ရပါတယ်။ ဒီအကောင့်ကို ထူထောင်တာ တအားကောင်းပါတယ်။” ဒီ WeChat အကောင့် ဖွင့်လှစ်အသုံးပြုတဲ့အချိန်ကာလမှာ သူတို့ဟာ ပြည်တွင်းပြည်ပက ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဆီက ခေါ်ဆိုတဲ့ ဖုန်းတွေကို လက်ခံရရှိပါတယ်။ ရာနဲ့ချီတဲ့ WeChat သတင်းတွေကို လက်ခံရရှိခဲ့ပါတယ်။ ဆယ်နဲ့ချီတဲ့မြန်မာနိုင်ငံသားတွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံသား ကိုထွန်းဝင်းဟာ သူရဲ့ လူမှုကွန်ရက်အကောင့်မှာ “လုံချွမ်းရဲမှူးအာကာစိုး” WeChat အကောင့်ကို မိတ်ဆက်ပေးပြီး အနီးနားမှာရှိတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေကို ဒီအကောင့်ကို အာရုံစိုက်လာအောင် လှုံ့ဆော်ပါတယ်။

“‘လုံချွမ်းရဲမှူးအာကာစိုး’ဟာ မြန်မာနိုင်ငံသားတို့ တရုတ်နိုင်ငံကို နားလည်သိရှိစေတဲ့ ပြတင်းပေါက် ဖြစ်လာပါတယ်။ ဒီအကောင့်ရဲ့ အယ်ဒီတာချုပ်အနေနဲ့ ဒီအလုပ်ရဲ့ အရေးပါမှုနဲ့ တာဝန်ကျေပွန်မှုကို လေးလေးနက်နက် ခံစားမိပါတယ်”လို့ ချင်ဝမ်ခွန်က ပြောပြတယ်။ နိုင်ငံခြားသား စီမံခန့်ခွဲအုပ်ချုပ်မှုနဲ့ ဝန်ဆောင်မှုထောက်ပံ့မှု ကောင်းမွန်အောင် ဖော်ဆောင်ရာမှာ သူတို့ ခရိုင်ရဲဌာနဟာ ရဲမှူးအာကာစိုးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ရဲဌာနအရာရှိ အပါအဝင် ရဲတပ်သား ၂၀၀ ကျော်ဟာ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။

လက်ရှိကာလမှာ ရဲမှူးအာကာစိုးအဖွဲ့မှာ မြန်မာနိုင်ငံသားတို့ လေးစားယုံကြည်တဲ့ တရုတ် ရဲအရာရှိ တော်တော်များများ ထွက်ပေါ်လာပါတယ်။ “တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်းနှစ် (၇၀) ပြည့်အခါသမယမှာ ကျွန်တော်တို့ စိတ်ရင်းဖြင့် ဝန်ဆောင်ပေးတာမို့ ကျွန်တော်တို့ ထိတွေ့ ဆက်ဆံတဲ့ မြန်မာသူငယ်ချင်းတွေဟာ တရုတ်ရဲအပေါ် ကောင်းမွန်တဲ့ ဆက်ဆံမှုပုံရိပ်တွေရှိမယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်။”ဒီဟာ ချင်ဝမ်ခွန်ရဲ့ မျှော်လင့်ချက်ဖြစ်သလို ရဲမှူးအာကာစိုးအဖွဲ့က ရဲမှူးအားလုံးတို့ တူညီတဲ့ မျှော်လင့်ချက်လည်းဖြစ်ပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006