နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ဒေါ်သန်းသန်းနု။ ။သမိုင်းကြောင်းမှ ရှေ့သို့လှမ်ချီအင်အားကို ရရှိလာ

2020-05-09 15:46:28 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှု ပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“အဲဒါ ကျွန်မအဖေနဲ့ ဥက္ကဋ္ဌကြီးမော်စီတုန်း၊ ဝန်ကြီးချုပ် ချူအင်လိုင်းတို့ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံပေါ့။ မြန်မာ-တရုတ် ချစ်ကြည်ရေးဟာ ရှေ့တစ်ဆက်က ခေါင်းဆောင်တွေ အတူတကွ ပြုစုပျိုးထောင်လာခဲ့တဲ့ ရလဒ်ပဲ။ ခေတ်တွေ မပြတ်ပြောင်းလဲလာခဲ့ပေမဲ့ ကျွန်မတို့ဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို အစဉ်သဖြင့် ထိန်းသိမ်းလာနိုင်ခဲ့ကြတယ်။ ဆယ်စုနှစ်များ တစ်လျှောက် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တာဟာ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုချိန်ဟာ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးရဲ့ အကောင်းဆုံး အချိန်ကာလဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။” လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ် ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုသည် ဖခင်ဖြစ်သူနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံခေါင်းဆောင်များ အတူတွဲရိုက်ထားသည့် ဓာတ်ပုံမှန်ဘောင်ကို သုတ်ရင်း သတင်းထောက်အား ပြောပြနေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် ရာစုနှစ်ဖြတ်ကျော် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို တည်ဆောက်နိုင်ပါစေ ဟု ဆုတောင်းပါကြောင်း ဒေါ်သန်းသန်းနုက ပြောပြပါသည်။



ဒေါ်သန်းသန်းနုက ဖခင်ဖြစ်သူဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ချိန်တွင် ခေတ်သစ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးစတင်တည်ဆောက်သည့် အချိန်နှင့် တိုက်ဆိုင်ကြုံကြိုက်ခဲ့ကြောင်း၊ ထိုအချိန်မှစ၍ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို မြန်မာတို့ ပိုမိုရင်းနှီးကျွမ်းဝင်လာခဲ့ပါကြောင်း ပြောပြသည်။

“တာတေစနေသား” ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်ထဲတွင် ဦးနုက “တရုတ်-မြန်မာ ချစ်ကြည်ရေးဟာ နှစ်နိုင်ငံရဲ့ တိုးတက်ရေး၊ စည်ပင်သာယာရေး၊ ငြိမ်းချမ်းရေးအတွက် အင်မတန် အဖိုးတန်တဲ့ ဆေးကောင်းကြီးတစ်လက်ဖြစ်တယ်” ဟု ရေးခဲ့သည်။ ဒေါ်သန်းသန်းနုက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တည်ထောင်ပြီးနောက် ချစ်ကြည်ရေးမှာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခဲ့ကြောင်း၊ ၁၉၅၅ ခုနှစ် တစ်နှစ်တည်းမှာပင် တရုတ်ယဉ်ကျေးမှုအဖွဲ့၊ တရုတ်လယ်ယာစိုက်ပျိုးရေးအဖွဲ့၊ တရုတ်ဗုဒ္ဓဘာသာအဖွဲ့တို့ မြန်မာပြည်သို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိလာခဲ့ကြောင်း ပြောပြသည်။ “တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ မြန်မာပြည်ကိုရောက်လာတိုင်း ကျွန်မအဖေဟာ ဆွေမျိုးရင်းချာများကို စောင့်ရှောက်ပြုစုသလို သူတို့ကို စောင့်ရှောက်ပြုစုခဲ့ပါတယ်။ အိမ်ကို ဖိတ်ပြီးတော့တောင် ရင်းရင်းနှီးနှီး ပြုစုစောင့်ရှောက်ခဲ့ပါသေးတယ်” တစ်ချိန်တည်းတွင် မြန်မာပြည်မှ ယဉ်ကျေးမှုအဖွဲ့၊ စစ်မစ်ရှင်အဖွဲ့၊ ဗုဒ္ဓဘာသာအဖွဲ့တို့သည်လည်း တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးစဉ် သွားခဲ့ကြသည်။ မြန်မာဗုဒ္ဓဘာသာအဖွဲ့ ပြန်လာသောအခါ ပေကျင်းမြို့က ဗုဒ္ဓမြတ်စွာဘုရား၏ စွယ်တော်ကိုပင် ပင့်ဆောင်လာခဲ့ကြသေးသည်။



၁၉၅၄ ခုနှစ် ဒီဇင်ဘာလတွင် ဦးနုသည် တရုတ်ပြည်သို့ ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိ၍ ဥက္ကဋ္ဌကြီး မော်စီတုန်းနှင့် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။ မော်စီတုန်းက “တရုတ်အစိုးရဟာ လုပ်ငန်းပေါင်းတစ်ရာကျော်ကို စပြီး အကောင်အထည် ဖော်နေပြီ။ အဲဒါတွေ ပြီးသွားရင် တရုတ်ပြည်ဟာ မြန်မာပြည်ကို အများကြီး ကူညီနိုင်ပါလိမ့်မယ်”ဟု ကြင်ကြင်နာနာ ပြောခဲ့သည်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ စာအုပ်ထဲတွင် ဦးနုရေးခဲ့သည့် ထိုစာပိုဒ်ကို ဒေါ်သန်းသန်းနု မှတ်မှတ်ထင်ထင် ရှိနေပါသေးသည်။

“Charming China” ရုပ်သံအစီအစဉ် တယ်ဟုန်ပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်ခြင်း၊ ဒုတိယအကြိမ် တရုတ်-မြန်မာ ပညာရှင် အဖွဲ့ အဆင့်မြင့်ဖိုရမ်သို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက်ခြင်း . . . အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်သော ဒေါ်သန်းသန်းနုမှာ မြန်မာ-တရုတ် ချစ်ကြည်ရေးအတွက် လှုပ်ရှားနေဆဲ။ “နှစ်ဖက်စလုံးအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍများစွာမှာ ပိုမိုကောင်းမွန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိပါစေလို့ မျှော်လင့်ပါတယ်”။ ၎င်းမှာ ဒေါ် သန်းသန်းနု၏ ဆန္ဒ ဖြစ်ပေသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့်မြောက်သည့် အရေးကြီး အချိန်အခါသို့ ရောက် ရှိလာနေပါပြီ။ “နှစ်နိုင်ငံခေါင်းဆောင်တွေ အတူတကွ ကြိုးပမ်းလာခဲ့ကြတဲ့ ခိုင်မြဲတဲ့ အခြေခံအုတ်မြစ်ပေါ်မှာ မြန်မာ-တရုတ် ဆက်ဆံရေးဟာ ဒီကနေ့လို အဆင့်တစ်ခုဆီသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်” ဟု ဒေါ် သန်းသန်းနုက ပြောသည်။ ယနေ့အချိန်အခါတွင် မြန်မာ-တရုတ် နှစ်နိုင်ငံသည် နယ်ပယ်ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိလာခဲ့ပြီဖြစ်၍ အောင်မြင်မှုရလဒ်များစွာလည်း ရရှိလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံသည် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” စီမံကိန်း၏ အရေးပါသော အစိတ်အပိုင်းတစ်ခုပင် ဖြစ်လာ နေပါသည်။ “အတိတ်သမိုင်းကို ပြန်ကြည့်တဲ့အခါ နှစ်နိုင်ငံဟာ နှစ် ၇၀ ကြာ အတူလက်တွဲ လျှောက်လှမ်းလာခဲ့ပါပြီ။ မြန်မာ-တရုတ် ချစ်ကြည်ရေး နှစ် ၇၀ မှသည် နှစ်တစ်ရာတိုင်၊ နှစ်တစ်ထောင်တိုင် အဓွန့်ရှည်တည်တံ့ပါစေ။ မြန်မာ-တရုတ် ‘ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ကမ္ဘာတည်သရွေ့ အဓွန့်ရှည်တည်တံ့ပါစေလို့ ကျွန်မ ဆုတောင်းမေတ္တာပို့သပါတယ်။”

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006