၂၀၁၉ ခုနှစ်တွင် ယူနန်ပြည်နယ် ဝမ်းတျိန့်ကျေးရွာအုပ်စုသည် “ရောင်စုံလယ်မြေ၊ နေရောင်ခြည်နှင်းဆီ”အမည်ရှိသော စပျစ်သီးဥယျာဉ်စီမံကိန်းကို စတင်ခဲ့ပြီး ကျေးရွာရှိ အိမ်ထောင်စု ၂၀၅ စုသည် လယ်မြေအသုံးပြုခွင့်ကို ချန်းနင် ရောင်စုံလယ်မြေ လယ်ယာစိုက်ပျိုးရေးနည်းပညာကုမ္ပဏီသို့ လွှဲပြောင်းပေးလိုက်ရာ နှစ်စဉ်လယ်မြေငှါးရမ်းခ တရုတ်ယွမ်ငွေ ၅.၇၅ သိန်း (ဒေါ်လာ ၈၀၇၀၀ ခန့်) ရရှိကြောင်း သတင်းအရသိရပါသည်။ ရွာသူရွာသားများသည် လယ်မြေငှါးရမ်းခရရှိသည့်အပြင် အခြားသော လုပ်ငန်းကို ဆောင်ရွက်နိုင်သဖြင့် စပျစ်သီးဥယျာဉ်သို့သွားရောက်ကာ အလုပ်အကိုင်နှင့် နည်းစနစ်များကို သင်ယူကြသည်။
လီကွေ့ရှန်းသည် ဝမ်းတျိန့်ကျေးရွာအုပ်စုရှိ ရွာသူတစ်ဦးဖြစ်ပြီး ယခင်နေထိုင်သည့်နေရာသည် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေသဖြင့် အလွန်ဆင်းရဲလှပါသည်။ “ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး အခုချိန်ထိ ဒီနေရာမှာ အလုပ်ဆင်းတယ်။ အခြေအနေလည်းကောင်းတယ်။ ကုမ္ပဏီလစာလည်းကောင်းပါတယ်။ စားသောက်စရိတ်နဲ့ နေထိုင်စရိတ်ကလည်း ပေးစရာမလိုပါဘူး။ တစ်လကို တရုတ်ယွမ်ငွေ ၂၇၀၀ (ဒေါ်လာ ၃၇၈ ခန့်) ရရှိတယ်။ အိမ်နဲ့မနီးမဝေး ၁၀ မိနစ်လောက်ပဲသွားရတယ်။”ဟု လီကွေ့ရှန်းက ပြောပြပါသည်။
အကြီးစားလယ်ယာစိုက်ပျိုးရေး ထုတ်လုပ်မှုစခန်းနှင့် လယ်ယာစိုက်ပျိုးရေးဥယျာဉ်သည် ဝမ်းတျိန့်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၄၇၈ စု လူဦးရေ ၁၉၉၁ ဦး၏ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ရေးအတွက် ခိုင်မာလှသော အာမခံချက်ကို စီစဉ်ပေးပါသည်။ ၂၀၁၉ ခုနှစ်တွင် ဝမ်းတျိန့်ကျေးရွာအုပ်စု၏ တစ်ဦးခြင်းပျမ်းမျှဝင်ငွေမှာ တရုတ်ယွမ်ငွေ ၁၅၁၆၉ (ဒေါ်လာ ၂၁၃၀ ခန့်) ရှိကြောင်း၊ ၂၀၂၀ ခုနှစ် နှစ်ကုန်တွင် ဝမ်းတျိန့်ကျေးရွာအုပ်စုရှိ ဆင်းရဲနွမ်းပါးမိသားစုအားလုံးသည် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်ပြီး ချမ်းသာသုခ ခံစားကြရမည်ဖြစ်ကြောင်း သတင်းအရသိရပါသည်။
သတင်းထောက် ။ ။ လီယာ့ဖိန်း (ယူနန်ကွန်ရက်)