တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မြန်မာသမ္မတ ဦးဝင်းမြင့် ထံသို့ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

2020-06-08 16:45:13 |သတင်းအရင်းအမြစ် CRI

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က မြန်မာသမ္မတ ဦးဝင်းမြင့် ထံသို့ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

နေပြည်တော်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ

သမ္မတ ဦးဝင်းမြင့်

 

လေးစားအပ်သော အဆွေတော်သမ္မတ ခင်ဗျာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သံတမန် ဆက်ဆံရေး ထားရှိသည့် နှစ် ၇၀ ပြည့်မြောက်ခြင်း အခါသမယတွင် မိမိသည် တရုတ် အစိုးရနှင့် ပြည်သူများ ကိုယ်စား လည်းကောင်း၊ မိမိ အနေနှင့်လည်းကောင်း၊ အဆွေတော်အား၊ အဆွေတော်မှတစ်ဆင့် မြန်မာအစိုးရနှင့် ပြည်သူများအား လှိုက်လှဲစွာ ထောမနာ ပြုပါသည်။

သံတမန်ရေး ထားရှိသည့် နှစ် ၇၀ အတွင်း၊ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး အစဉ်အလာသည် အခက်အခဲ အမျိုးမျိုး ကျော်လွှားပြီး အခြေခံအုတ်မြစ် ခိုင်ခံ့လာပါသည်။ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်လာပြီး နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းလာကာ နှစ်နိုင်ငံ ပြည်သူများအတွက် သုခချမ်းသာမှုများကို ဆောင်ကြဉ်းလာပါသည်။ ယခုလောလောဆယ်တွင် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရာ၌ နှစ်ဖက်တို့သည် အပြန်အလှန် အားပေးထောက်ခံပြီး အေးအတူ ပူအမျှ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း စိတ်ဓါတ်ကို ပေါ်လွင်လာစေပါသည်။ ယခုနှစ် ဇန်နဝါရီလက မိမိသည် မြန်မာနိုင်ငံတွင် အောင်မြင်စွာ ခရီးလှည့်လည်ပြီး အခြေအနေသစ်တွင် တရုတ်-မြန်မာ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ရေးနှင့် ပတ်သက်ပြီး အဆွေတော်နှင့် အရေးကြီး သဘောတူညီမှုကို ရရှိကာ နှစ်နိုင်ငံ ဆက်ဆံမှု ခေတ်သစ်သို့ ဝင်ရောက်ရန် တွန်းအားပေးပါသည်။

မျက်မှောက် ကမ္ဘာသည် မကြံစဖူးသော ပြောင်းလဲမှုကြီးနှင့် ရင်ဆိုင်လျက် ရှိကာ တရုတ်-မြန်မာ ဆက်ဆံမှုသည် အတိတ်ကို ဆက်ခံ အနာဂတ်ကို ဖွင့်လှစ်ရန် သော့ချက်ကျသည့် အချိန်ကာလတွင် တည်ရှိနေပါသည်။ မိမိသည် တရုတ်-မြန်မာ ဆက်ဆံမှု တိုးတက်ရေးကို အလွန် အလေးထားပါသည်။ အဆွေတော်နှင့်အတူ တရုတ်-မြန်မာ အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးမူနှင့်အညီ၊ အဆင့်မြင့် ကူးလူးဆက်ဆံမှုကို တိုးမြှင့်ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ခိုင်မာအောင် ဆောင်ရွက်၍ နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဇောက်ချ ပြုလုပ်ကာ ဘက်ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုကို တွန်းအားပေးလိုပါသည်။ ဤသို့ဖြင့် နှစ်နိုင်ငံပြည်သူများ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ဆွေမျိုးပေါက်ဖေါ်ကောင်း ထာဝစဉ် ဖြစ်သွားစေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ စည်ပင်သာယာပါစေ၊ ပြည်သူများ ချမ်းမြေ့ပါစေ

တရုတ်-မြန်မာ ချစ်ကြည်ရေး အစဉ်အလာ ဘိုးစဉ်ဘောင်ဆက် ဆက်ခံပြီး အဓွန့်ရှည်ပါစေ

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဥက္ကဋ္ဌ ရှီကျင့်ဖိန်

၂၀၂၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့ ဘေကျင်း

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006