နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
လော့ကျွင်း။ ။တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ချစ်ကြည်ရေး ပေါင်းကူးတံတား ဆက်သွယ်ပေး

2020-06-29 16:49:16 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

"ဒါဟာ မြန်မာနိုင်ငံရဲ့ လေကြောင်းပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု စတင်ခြင်းအသစ် ဖြစ်ပါတယ်။ အဲဒီ သမိုင်းဝင် အခိုက်အတန့်ကို ကျွန်တော် ဂုဏ်ယူစွာဖြင့် မျက်မြင်ကြုံတွေ့ခွင့် ရခဲ့ပါတယ်" ၂၀၁၆ ခုနှစ် မတ်လ၊ Air China လေကြောင်းလိုင်း၊ မြန်မာနိုင်ငံ ရုံးခွဲရဲ့ အထွေထွေမန်နေဂျာ လော့ကျွင်းဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်အဆောက်အအုံ (Terminal) အသစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်းအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

အဲဒီတုန်းက လော့ကျွင်းဟာ အလုပ်တာဝန်နဲ့ စေလွှတ်ခံရလို့ မြန်မာနိုင်ငံကို ရောက်လာခါစ ဖြစ်ပါတယ်။

"ရန်ကုန်ရောက်ရောက်ချင်းမှာပဲ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားမာန်တွေ အပြည့်ရှိနေတယ်လို့ ကျွန်တော် ခံစားမိပါတယ်"လို့ လော့ကျွင်းက ပြန်ပြောပြပါတယ်။ မြို့ထဲက လမ်းကြီးလမ်းငယ် အသွယ်သွယ်မှာ လူတွေ ပျားပန်းခတ်မျှ အလုပ်မအား ဖြစ်နေကြတဲ့ မြင်ကွင်းကို သူ မြင်တွေ့ခဲ့ရပါတယ်။

အချိန်ကာလ ၄ နှစ်ခွဲ ကြာပြီးတဲ့နောက် လော့ကျွင်းဟာ အလုပ်နဲ့ နေ့စဉ်ဘဝတို့ကတစ်ဆင့် မြန်မာနိုင်ငံ နယ်ပယ်ကဏ္ဍအသီးသီးက ဖွံ့ဖြိုးတိုးတက်ပြောင်းလဲမှုတွေကို မျက်မြင်ကိုယ်တွေ့ ရှိလာခဲ့ပါတယ်။ "တိုက်မြင့်ကြီးတွေ အများကြီး ဖြစ်လာပြီ၊ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေလည်း အများကြီး ထပ်တိုးလာတယ်"လို့ လော့ကျွင်းက ပြောပြပါတယ်။ သူ့ကို အာရုံစွဲထင်စေခဲ့တဲ့အချက်က ရန်ကုန်လေဆိပ်နဲ့ အခြားမြို့တွေဆီက အခြေခံအဆောက်အအုံ တည်ဆောက်မှုတွေ ကောင်းသထက် ကောင်းလာတဲ့အချက်ပါပဲ။ ခရီးသည်တွေ လေဆိပ်ကို ဆိုက်ရောက်လာတာနဲ့ လိုရာခရီးပန်းတိုင်ဆီကို အခြားသော သယ်ယူပို့ဆောင်ရေး ယာဉ်တစ်မျိုးမျိုး ပြောင်းစီးပြီး အဆင်ပြေလွယ်ကူစွာ အရောက်သွားနိုင်ကြတယ်။ မြို့တွင်း ပြေးဆွဲတဲ့ ဘတ်စကားတွေကိုလည်း အများကြီး အဆင့်မြှင့်တင်ထားပြီးပါပြီ။

မြန်မာနိုင်ငံဟာ တစ်နေ့တခြား တိုးတက်ပြောင်းလဲလာနေပြီး တရုတ်-မြန်မာ ဆက်ဆံရေးဟာလည်း စဉ်ဆက်မပြတ် တိုးတက်လာနေတာကြောင့် မြန်မာနိုင်ငံကို လာရောက်ပြီးတော့ လည်ပတ်တဲ့၊ ရင်းနှီးမြှုပ်နှံတဲ့ တရုတ်နိုင်ငံသားတွေ တစ်နေ့တခြား ပိုမိုများပြားလာတယ်၊ အလားတူ တရုတ်နိုင်ငံကို သွားရောက်ပြီးတော့ ကျောင်းတက်တဲ့၊ စီးပွားရေးလုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားတွေလည်း များပြားလာတယ်လို့ လော့ကျွင်းက ပြောပြပါတယ်။

"နှစ်ဖက်အကြား မပြတ်တိုးတက်လာနေတဲ့ လေကြောင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် တရုတ်-မြန်မာ အကြား လေကြောင်းခရီးစဉ်တွေ၊ လေကြောင်းလိုင်း အဆက်အသွယ် ရှိတဲ့ မြို့ကြီးတွေ အများကြီး တိုးတက်များပြားလာခဲ့ပါတယ်"လို့ လော့ကျွင်းက ရှင်းပြပါတယ်။ ၂၀၁၉ ခုနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုနဲ့ လေကြောင်းလိုင်း အဆက်အသွယ် ရှိလာတဲ့ တရုတ်မြို့ကြီးပေါင်း ၁၈ ခုအထိ ရှိလာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား အပတ်စဉ် ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် ၁၄၀ နီးပါး ရှိလာတာကြောင့် ၂၀၁၈ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ၁၄၀% ကျော် တိုးတက်လာခဲ့ပါတယ်။ တရုတ်-မြန်မာ လေကြောင်းလိုင်း အဆက်အသွယ် အသစ်ထပ်တိုးလာတဲ့ထဲမှာ ရှန်ဟိုင်း၊ ဝူဟန့်၊ ရှီးအန်း၊ ကွေ့ကျိုး၊ နင်းပိုး စတဲ့မြို့ကြီးတွေ ပါဝင်ပါတယ်။

သမိုင်းကြောင်း ရှည်လျားတဲ့ ပုဂံ၊ နန်းဆန်တဲ့ ရတနာပုံ မန္တလေး၊ နတ်ပန်းချီရှုံးလောက်တဲ့ ငပလီ၊ ရှုခင်းသာယာထူးခြားတဲ့ အင်းလေး ... " မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း အရင်းအမြစ်တွေ သိပ်ကို ကြွယ်ဝပြီး တရုတ်ခရီးသွားဧည့်သည် အမြောက်အမြားကို ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်"လို့ လော့ကျွင်းက သူ့အမြင်ကို ပြောပြပါတယ်။ တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဟာ နှစ်နိုင်ငံအကြား လေကြောင်းလိုင်း အဆက်အသွယ် အရှိန်အဟုန်နဲ့ တိုးတက်လာခြင်းအကြောင်းရင်းတွေထဲက တစ်ချက် ဖြစ်ပါတယ်။ အဲဒီအချက်ကပဲ တရုတ်-မြန်မာ လေကြောင်းပို့ဆောင်ရေးကို တစ်နေ့တခြား ပိုမိုလွယ်ကူအဆင်ပြေလာစေခဲ့ပါတယ်။

ယခုနှစ် နှစ်ဆန်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားလာပြီးနောက်ပိုင်း Air China ဟာ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပုံမှန် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲလို့ မဖြစ်နိုင်တဲ့ အခြေအနေမှာ နှစ်နိုင်ငံအကြား မဖြစ်မနေ ကူးလူးသွားလာရဖို့ လိုအပ်တဲ့ လူပုဂ္ဂိုလ်တွေ၊ ကူညီကယ်ဆယ်ရေးပစ္စည်းတွေကို လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ "မတ်လကတည်းက ကျွန်တော်တို့ဟာ တစ်ပတ်ကို relief flight တစ်ကြိမ် ပျံသန်းပြေးဆွဲနိုင်အောင် စီစဉ်ထားပါတယ်"လို့ လော့ကျွင်းက ပြောပြပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်တာ၊ အပြန်အလှန် ကူညီထောက်ပံ့တာ၊ ကပ်ရောဂါကို အတူတိုက်ဖျက်တာ၊ အခက်အခဲကို အတူကျော်လွှားတာတွေဟာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနဲ့ အေးအတူပူအမျှ ဘုံကြမ္မာအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

"တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူတွေအတွက် ချစ်ကြည်ရေး ပေါင်းကူးတံတား ဆက်သွယ်ပေးပြီး ပိုမိုအရည်အသွေး ကောင်းမွန်တဲ့ လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုတွေကို ပေးသွားချင်ပါတယ်" ယခုနှစ် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခါသမယမှာ ဒါဟာ လော့ကျွင်းရဲ့ ရင်ထဲက အစစ်မှန်ဆုံး မျှော်လင့်ချက် ဖြစ်ပါတယ်။ နှစ်ဖက် လေကြောင်းပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန်နဲ့ တိုးတက်မယ့် ကာလအပိုင်းအခြားကို ရောက်ရှိလာခဲ့ပြီမို့ နှစ်နိုင်ငံရဲ့ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုတို့ကို ပိုမိုအဆင်ပြေလွယ်ကူလာစေမှာ ဖြစ်ပါတယ်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006