၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁ ရက်နေ့သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော နိုင်ငံရေးပါတီ ဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် ၉၉ နှစ် ပြည့်မြောက်သည့်နေ့ ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီသည် အစဦးတွင် ပါတီဝင် ၅၀ ကျော်သာ ရှိပါသည်။ ယနေ့တွင် ပါတီဝင် သန်း ၉၀ ကျော် ရှိနေပြီ။ တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်ပြီး နှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးပြု စွမ်းဆောင်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းကျော် ရှိကာ ကမ္ဘာ့စီးပွါးရေး တိုးတက်ရေးဆိုင်ရာ အရေးကြီး တွန်းအား ဖြစ်လာပါသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ မူရင်းစိတ်နှင့် တာဝန်ဝတ္တရားသည် တရုတ်ပြည်သူများ၏ သုခချမ်းသာမှုအတွက်နှင့် တရုတ်အမျိုးသား ရှင်သန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဖြစ်ပါသည်။
ယခုနှစ်တွင် တရုတ်နိုင်ငံတွင် ကျေးလက် ဆင်းရဲသူ ဦးရေ ၅၅ သိန်း ၁ သောင်းကျော် ရှိသေးသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ရည်မှန်းချက်မှာ ယခုနှစ် နှစ်ကုန် ရောက်သည့် အခါ လက်ရှိစံချိန်စံနှုန်းအရ ကျေးလက်နေ ဆင်းရဲသူ အားလုံး ဆင်းရဲမှု ပပျောက်စေရန် ဖြစ်ပါသည်။
COVID-19 ကူးစက်ရောဂါ ဖြစ်ပွါးခဲ့ချိန်တွင် တရုတ်ကွန်မြူနစ်ပါတီသည် ပြည်သူများကို ဦးဆောင်ပြီး ကူးစက်ရောဂါကို တိုက်ဖျက်ကြသည်။ ပါတီဝင် သန်း ၃၀ ခန့်သည် ကူးစက်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်းနေရာမှာ ကြိုးပမ်းအားထုတ် ခဲ့ကြသည်။ ယင်းတို့အနက် ပါတီဝင် ၃၉၆ ဦး အသက်ပေးလှူပြီး ၂၃၃၇ ဦးသည်COVID-19 ကူးစက် ခံခဲ့ရသည်ဟု သိရပါသည်။
တရုတ်ပြည်၏ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းတွင် အောင်မြင်မှု များစွာ ရရှိခဲ့သည်။ တရုတ်ပြည် သစ်တော ဖုံးလွှမ်းမှုနှုန်းမှာ ၁၉၄၉ ခုနှစ်က ၉ ရာခိုင်နှုန်းသာ ရှိရာမှနေ ယခု ၂၃ ရာခိုင်နှုန်း အထိ တိုးလာပါသည်။ သဲကန္တာရမြေ များစွာသည် ပြန်လည် စိမ်းလန်းစိုပြေလာ၍ ပြန်လည်စိမ်းလန်းစိုပြေလာသော မြေယာများပေါ်တွင် နေထိုင်ကြသူ သန်း ၇၀ ခန့်သည် ဆင်းရဲမှု ပပျောက်နိုင်ခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းကို အလေးထား ဆောင်ရွက်နေခဲ့ပါသည်။ ၂၀၁၂ ခုနှစ်တွင် ရှီကျင့်ဖိန်က ပါတီအထွေထွေ အတွင်းရေးမှူး အဖြစ် စတင် ထမ်းဆောင်ခဲ့သည့် နောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အားဖြည့်ဆောင်ရွက်ကာ နိုင်ငံတကာ အာရုံစူးစိုက်ရာ ဖြစ်လာပါသည်။
တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်သည့် ၉၉ နှစ် ပြည့်မြောက်သည့်နေ့တွင် တရုတ်ကွန်မြူနစ်ပါတီ စိတ်အားထက်သန်စွာဖြင့် အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် ဆုတောင်းအပ်ပါသည်။