နှစ် ၇၀ ပြည့်အခါသမယမှသည် တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်သို့ လှမ်းချ
ဝမ်ဖန်ဟွာ။ ။ တရုတ်-မြန်မာချစ်ကြည်ရေးပြတိုက်တွင် ပြတိုက်မှူးတာဝန်ယူနေ

2020-07-03 16:38:50 |သတင်းအရင်းအမြစ် 澜湄趴

အယ်ဒီတာအညွှန်း

၂၀၂၀ ပြည့်နှစ်က အမှတ်ရစရာကောင်းမွန်တဲ့နှစ်တစ်နှစ် ဖြစ်ပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခါသမယကို ဂုဏ်ပြုကြိုဆိုကြပါတယ်။ အချိန်ကာလမှတ်တမ်းမှာ တရုတ်-မြန်မာ နှစ်နိုင်ငံ တည်တံ့ခိုင်မြဲတဲ့ အစဉ်အလာပေါက်ဖော်ချစ်ကြည်ရေးကို လက်ဆင့်ကမ်းနေပါတယ်။ စိတ်နှလုံးချင်း နီးစပ်ပြီး လက်တွဲတာ၊ အချင်းချင်း ရိုင်းပင်းကူညီထောက်ပံ့တာ၊ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန် အတုယူလေ့လာတာ၊ အကျိုးတူအောင်သီးအောင်နှံ အတူရရှိတာ စတာတွေ ဖော်ဆောင်လျက်ရှိပါတယ်။ တရုတ်-မြန်မာ အလွှာပေါင်းစုံက ပုဂ္ဂိုလ်တွေဟာ ဖော်ပြပါအချက်တွေကို အတူဖတ်ရှုပြီး တရုတ်-မြန်မာ ချစ်ကြည်ရေးခေတ်သစ်ကို လျှောက်လှမ်းနိုင်ဖို့ အတူကြိုးစားဆောင်ရွက်စို့။

“၂၀၁၈ ခုနှစ် မေလတုန်းက မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီးဖြစ်သူ ဒေါ်သန်းသန်းနုဟာ ပြတိုက်ကို လာရောက်ကြည့်ရှုလေ့လာခဲ့တယ်။ ဖခင်အရွယ်ရှိသူတို့ ဝမ်တိန်ကို လာရောက်လေ့လာကြည့်ရှုစဉ် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံရှေ့မှာ ဓာတ်ပုံအတွင်းမှ ဖြစ်ရပ်အကြောင်းများ ပြောပြရသည်မှာ အလွန် စိတ်လှုပ်ရှားဖွယ်ကောင်းလှတယ်”ဟု တရုတ်-မြန်မာ နယ်စပ် ယူနန်ပြည်နယ်ရွှေလီမြို့ ဝမ်တိန်မြို့နယ်ရှိ တရုတ်-မြန်မာချစ်ကြည်ရေးပြတိုက်တွင် ပြတိုက်မှူး ဝမ်ဖန်ဟွာက ဒေါ်သန်းသန်းနု ပြတိုက်သို့ လာရောက်လေ့လာခဲ့သည့်အကြောင်းကို ၂၀၂၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့က သတင်းထောက်အား ပြောပြသည်။

တရုတ်-မြန်မာ ချစ်ကြည်ရေးပြတိုက်ကို ၁၉၅၆ ခုနှစ်က တည်ထောင်ခဲ့ပါသည်။ ပြတိုက်သည် မူလက တရုတ်နိုင်ငံဝန်ကြီးချုပ်ချူအင်လိုင်းနှင့် မြန်မာနိုင်ငံဝန်ကြီးချုပ် ဦးဗရွှေတို့ ပထမအကြိမ် တရုတ်-မြန်မာနယ်စပ် ပြည်သူလူထုပျော်ပွဲရွှင်ပွဲသို့ တက်ရောက်စဉ် တည်းခိုခဲ့သော အိမ်တော်ဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် အများပြည်သူတို့အား ဝင်ထွက်သွားလာခွင့်ပြုခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ယူနန်မုံကုံးကျောက်စိမ်းကုမ္ပဏီမှ ပြတိုက်အား စီမံခန့်ခွဲထိန်းသိမ်းရန် တာဝန်ယူခဲ့ပြီးနောက် မူလကရုံးတာဝန်ခံဖြစ်သူ ဝမ်ဖန်ဟွာသည် ပြတိုက်မှူး ဖြစ်လာခဲ့သည်။ ပြတိုက်မှူးသက်တမ်း (၁၀)နှစ် အတွင်း အသက် (၆၀) ကျော်ပြီဖြစ်သော ဝမ်ဖန်ဟွာတွင် ပင်ပန်းသည့် အရိပ်အရောင်မတွေ့ရပေ။ သူသည် လာရောက်လေ့လာသည့် အဖွဲ့တိုင်းကို အလွန် နွေးထွေးပျူငှာစွာ ကြိုဆိုဧည့်ခံလေ့ရှိသည်။ ပီပြင်သော မြန်မာဘာသာစကားဖြင့်လည်း လာရောက်သူများကို နှုတ်ခွန်းဆက်လေ့ရှိသည်။ “ပြီးခဲ့သည့်အခေါက် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေ ပြတိုက်ကို လာရောက်လေ့လာတုန်းက ကျွန်တော်က‘တွေ့ရတာဝမ်းသာပါတယ်’လို့ မြန်မာလိုပြောတာကို သံအမတ်ကြီးက လက်မထောင် ချီးမွမ်းသွားတယ်” ဟု ဝမ်ဖန်ဟွာက ဝမ်းသာပျော်ရွှင်စွာ ပြောပြပါသည်။

ပြတိုက်အတွင်း ပြသပစ္စည်းပေါင်း(၁၀၀)ကျော်ရှိသည်။ ၎င်းအနက် ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် ဝန်ကြီးချုပ်ဦးဗရွှေတို့ အသုံးပြုခဲ့သော ခုတင်၊ ဆိုဖာ၊ စားပွဲနှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးသမိုင်းဝင်ဓာတ်ပုံနှင့် သတင်းအချက်အလက်များ ပါဝင်သည်။ ပထမအထပ်ဝင်ပေါက်လမ်းပေါ်တွင် ထားရှိသော ၁၉၄၂ ခုနှစ် ဗြိတိန်နိုင်ငံထုတ် Hillman မော်တော်ကားသည် ဝမ်ဖန်ဟွာက ဧည့်သည်များထံ အထူးမိတ်ဆက်ပေးချင်သော ပြသပစ္စည်းတစ်ခုဖြစ်ပါသည်။ “ဒီမော်တော်ကားက သမိုင်းကြောင်းရှိတယ်။ ၁၉၅၆ ခုနှစ်က ဝန်ကြီးချုပ်ချူအင်လိုင်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်စဉ်တုန်းက မြန်မာနိုင်ငံက ဒီကားနဲ့ ဝန်ကြီးချုပ်ကို ကြိုဆိုခဲ့တယ်။ အဲ့ဒီအချိန်တုန်းက မြန်မာနိုင်ငံရောက်တရုတ်နွယ်ဖွားတို့က မြန်မာအစိုးရနဲ့အတူ ပူးပေါင်းပြီး ကြိုဆိုရေးလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ မြန်မာနိုင်ငံဖွား တရုတ်အမျိုးသားမစ္စတာကျိုးက ယာဉ်မောင်းအဖြစ် တာဝန်ယူခဲ့တယ်။ ကြိုဆိုရေးလုပ်ငန်းပြီးမြောက်ပြီးတော့ မစ္စတာကျိုးက မြန်မာအစိုးရ သက်ဆိုင်ရာဌာနကနေ ဒီကားကို ဝယ်ယူခဲ့ပြီး အိမ်မှာ ထိန်းသိမ်းထားခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြတိုက်ကို လှူဒါန်းခဲ့တယ်။ တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် အားလုံးကိုယ်စီ ကြိုးစားနေသည်ကို တွေ့မြင်နိုင်ပါတယ်” ဟု ဝမ်ဖန်ဟွာက ပြောပြသည်။

ဝမ်ဖန်ဟွာ၏ အမြင်တွင် ပြတိုက်ရှိ ဝန်ထမ်းများသည်လည်း တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးကို လိုလားကြသူများ ဖြစ်ကြသည်။ “ကျွန်တော်တို့ပြတိုက်မှာ စေတနာ့ဝန်ထမ်းဇနီးမောင်နှံရှိတယ်။ အမျိုးသမီးဖြစ်သူက ထိုစဉ်က သူမရဲ့မိဘတွေနဲ့အတူ ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ ဝန်ကြီးချုပ် ဦးဗရွှေတို့ ဝမ်တိန်ကို လာရောက်စဉ်ကြိုဆိုနေတဲ့လူစုအတွင်း ပါဝင်ခဲ့တယ်။ အခု သူတို့က ပြတိုက်မှာ လာရောက်ကူညီနေတယ်။ ကျွန်တော်တို့အားလုံး ဖြစ်စေချင်တဲ့ အရာကတော့ တရုတ်-မြန်မာ ချစ်ကြည်ရေး ခေတ်အဆက်ဆက်တည်တံ့နိုင်ရေးပါပဲ”ဟု ဝမ်ဖန်ဟွာက ဆိုသည်။

ပြတိုက်၏လျှောက်လမ်းနှစ်ဖက်တွင် “တစ်မြို့နှစ်နိုင်ငံ” ဟူသော နယ်စပ်ဒေသ၏ ပန်းချီကား ချိတ်ဆွဲထားသည်။ ဒါက တရုတ်နိုင်ငံ ဝမ်တိန်နှင့် မြန်မာနိုင်ငံကျူကုတ် တောတောင်ရေမြေချင်း ဆက်စပ်နေသော၊ နှစ်နိုင်ငံပြည်သူချင်း ထာဝရ မခွဲခွာသော အဓိပ္ပာယ်ကို ဖော်ပြခြင်းဖြစ်သည်ဟု ဝမ်ဖန်ဟွာက ပြောကြားသည်။ ပြတိုက်ခြံဝင်းအတွင်း စိုက်ပျိုးထားသောတန်ဖိုးကြီး အာရဇ်ပင်မှာ တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲခြင်း အနက်အဓိပ္ပာယ် ဆောင်နေသည်။ “ဝန်ကြီးချုပ်ချူအင်လိုင်းနှင့် ဝန်ကြီးချုပ်ဦးဗရွှေတို့ စိုက်ပျိုးခဲ့သော တရုတ်-မြန်မာချစ်ကြည်ရေးသစ်ပင်ကြီးမှာ ယခုချိန်တွင် ဝေဝေဆာဆာ ဖြစ်နေပြီ”ဟု ဝမ်ဖန်ဟွာက သစ်ရွက်လေးများကိုသရင်း ဝမ်းမြောက်ကြည်နူးစွာ ပြောကြားပါသည်။

滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006