တိုင်လူမျိုးငွေထည်ကို မျိုးဆက်လေးဆက်မှ စွဲမြဲစွာ ထိန်းသိမ်းဆက်ခံလာ

2021-04-15 17:52:53 |သတင်းအရင်းအမြစ် 微美芒市

ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့တွင် တိုင်လူမျိုးတို့သည် နေ့စဥ်နေ့တိုင်း အလှဆင်ရာတွင်ဖြစ်စေ ပွဲတော်နေ့ထူးနေ့မြတ် ခမ်းနားစွာ ဆင်နွှဲရာတွင်ဖြစ်စေ ငွေထည်ကို မရှိမဖြစ် အဆင်တန်ဆာအဖြစ် ဝတ်ဆင်လေ့ရှိပါသည်။ တိုင်လူမျိုး ရိုးရာငွေထည်လက်မှုထုတ်လုပ်မှုပညာမှာ သမိုင်းကြာမြင့်ပြီဖြစ်ပြီး ထူးခြားချက်လက္ခဏာများနှင့် နက်ရှိုင်းသော သက်ရောက်မှုရှိသော ရိုးရာအစဥ်အလာ လက်မှုထုတ်လုပ်မှုပညာရပ် တစ်ခုဖြစ်ပါသည်။ မန်စီမြို့ မွန်ဟွန်ရပ်ကွက် ချင်ရွှေပထမလမ်းရှိ ရှောင်အိုင်လယ်တို့ အိမ်ထောင်စုသည် လက်ရာမြောက်သော တိုင်လူမျိုးငွေထည်လက်မှုထုတ်လုပ်မှုပညာကို မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းဆက်ခံလာကာ ထင်ရှားကျော်ကြားလျက်ရှိနေပါသည်။


ရှောင်အိုင်လယ်၏ အိမ်ကို ဝင်ရောက်လိုက်သည်နှင့် သူတို့ မိသားစုဝင်အားလုံးသည် ငွေထည်များအား ထုတ်လုပ်လျက်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။ “ကျွန်တော် အသက် ၁၇၊ ၁၈ နှစ်တုန်းက ငွေထည် ထုတ်လုပ်ရေးပညာကို စပြီး သင်ယူခဲ့တာပါ။ အဖိုးနဲ့ဖေဖေ ဆီကနေ သင်ယူလေ့လာတာ အခုဆိုရင် မျိုးဆက် ၃-၄ ဆက်ရှိပြီ။ လက်ရှိ သမီးလေးနဲ့ တူလေးတွေကို သင်ပေးနေပါတယ်။ သူတို့နှစ်ယောက်ဟာ ငွေထည် ထုတ်လုပ်မှုလက်မှုပညာကို ကျွမ်းနေပါပြီ”ဟု ရှောင်အိုင်လယ်က ပြောပြပါသည်။ သူက ငွေထည်လက်မှုထုတ်လုပ်မှုပညာ၏ လုပ်ငန်းစဉ်အချို့ကို သတင်းထောက်များအား မိတ်ဆက်ပြသပေးပါသည်။


“တိုင်လူမျိုး ငွေထည်လက်မှုထုတ်လုပ်မှုပညာဟာ အလွန် ရှုပ်ထွေးပါတယ်။ ငွေထည်တစ်ခုကို ထုတ်လုပ်ပြီးစီးဖို့ လုပ်ငန်းစဥ် ဆယ်ခုကျော် ပြုလုပ်ရပါတယ်။ အေးဆေးပြီး ချစ်မြတ်နိုးတဲ့စိတ်မပါရင် စွဲစွဲမြဲမြဲ လုပ်ကိုင်ဖို့ အလွန် ခက်ပါတယ်”ဟု ရှောင်အိုင်လယ်က ဆက်လက် ပြောပြပါသည်။ သူတို့ထုတ်လုပ်သော ငွေထည်များမှာ ရေတွက်လို့ မရနိုင်ပေ။ ၎င်းငွေထည်များ၏ လက်ရာသည် ယဥ်ကျေးသိမ်မွေ့ပြီး အမျိုးအစား ထွေပြားစုံလင်သည့်အတွက်ကြောင့် အမည်ကျော်ကြားပြီး အဝယ်တော်များသည် အရေအတွက်များစွာ လာရောက်ဝယ်ယူ၊ အထူးမှာယူကြပါသည်။ ၎င်းငွေထည်များအား တယ်ဟုန်ပြည်နယ်ခွဲသာမကဘဲ တရုတ်နိုင်ငံဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိနေပါသည်။ လက်မှုပညာဖြင့် ထုတ်လုပ်သည့်အတွက်ကြောင့် ထုတ်လုပ်မှုအရေအတွက် နည်းပါးပြီး ဝင်ငွေများစွာ မရသော်လည်း ဘိုးဘေးတို့၏ ရိုးရာလက်မှုပညာကို လက်ဆင့်ကမ်းရန်မှာ သူတို့ မိသားစု၏ ဆန္ဒဖြစ်ကြောင်း ရှောင်အိုင်လယ်က ဆက်လက်ပြောပါသည်။