ယနေ့စတင်သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသူကျောင်းသား ၁၀.၇၈ သန်း ဝင်ရောက်ဖြေဆို

2021-06-07 15:05:54 |သတင်းအရင်းအမြစ် 新华网

၂၀၂၁ ခုနှစ် တရုတ်တစ်ပြည်လုံး တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့တွင် စတင်ကျင်းပပြီး ယခုနှစ် ၎င်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် အထက်တန်းကျောင်းသူကျောင်းသားဦးရေသည် ၁၀.၇၈ သန်း ရှိသည်။ တရုတ်နိုင်ငံပညာရေး ဝန်ကြီးဌာန၏ သက်ဆိုင်ရာကိန်းဂဏန်းများအရ ယခုနှစ် စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် နာမည်စာရင်းတင်သွင်းသူဦးရေ သည် ၂၀၂၀ ပြည့်နှစ်ထက် ၇ သောင်း ပိုများလာပါသည်။

တရုတ်နိုင်ငံ၏ စာမေးပွဲဖြေဆိုခြင်းသည် အလွန်ကြာရှည်သောသမိုင်းရှိပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ ကျော် တရုတ် ဆွေမင်းဆက်ခေတ်ကတည်းက ဧကရာဇ်မင်းအစိုးရသည် စာမေးပွဲစနစ်ဖြင့် မှူးမတ်အရာရှိများကို ရွေးချယ် ခဲ့ပါသည်။ ၎င်းစနစ်သည် ကမ္ဘာပေါ်တွင် နိုင်ငံများစွာအတွက် မှီငြမ်းဖွယ်ရာအဖြစ် လွှမ်းမိုးမှုရှိခဲ့ပါသည်။ ၁၉၀၅ ခုနှစ်တွင် တရုတ်မန်ချိုးမင်းဆက်ခေတ်တွင် ပညာရေးအသစ် ဖွံ့ဖြိုးရန်၊ လက်တွေ့အလုပ်အကိုင်စွမ်းအားကို ပိုင်ဆိုင်သော လူတော်များကို မွေးထုတ်ရန် ရည်ရွယ်ပြီးဧကရာဇ်မင်း ခေတ်ကာလ၏ အရာရှိရွေးချယ်ခြင်းစနစ်ကို ဖျက်သိမ်းကာ အနောက်နိုင်ငံများ၏ တက္ကသိုလ်ကျောင်းစာမေးပွဲစနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။ တရုတ်နိုင်ငံတွင် ယခုခေတ် တက္ကသိုလ်ဝင်စာမေးပွဲစနစ်သည် ရှေးခေတ်ကာလ အရာရှိရွေးချယ်ခြင်းဆိုင်ရာ စဉ်းစားတွေးခေါ်မှုနှင့် တန်ဖိုး ပါဝင်သကဲ့သို့ အနောက်တိုင်းနိုင်ငံများ၏ စာမေးပွဲဖြေဆိုခြင်းစနစ်ကိုလည်း ကျင့်သုံးနေပါသည်။

ယခုရက်ပိုင်းကာလတွင် ကွမ်ကျိုးပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ပြန်လည်တိုးများလာနိုင်သဖြင့် သက်ဆိုင်ရာဌာနများသည် ကွမ်ကျိုးပြည်နယ်၏ ကျောင်းသူကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေစွာ ပါဝင်ဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုရာနေရာအား သာမန်ဖြေဆိုခန်းနှင့် သီးခြားထားဖြေဆိုခန်း နှစ်မျိုးခွဲထား ပါသည်။ သာမန်ဖြေဆိုခန်းတွင် ပုံမှန်အခန်း၊ လိုရာအသုံးပြုခန်းနှင့် သီးသန့်ခန်း စသဖြင့် ခွဲထားပါသည်။ နျူကလိ အက်ဆစ်ဓာတ်ခွဲစစ်ဆေးခြင်းမှတစ်ဆင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ကျောင်းသူကျောင်းသားများကို အဆင်ပြေစွာ ဖြေဆိုနိုင်ရန်အတွက် ကွမ်ကျိုးမြို့အစိုးရသည် သတ်မှတ်ထားသည့် ဆေးရုံတွင် သီးသန့်စာဖြေခန်း စီစဥ်ပေးထားပါသည်။