တရုတ်နိုင်ငံတွင် လူပေါင်း တစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကျော်ကို မြန်နှုန်းမြင့်ရထားလမ်း လွှမ်းခြုံထားနိုင်ပြီဖြစ်

2021-09-24 18:05:59 |သတင်းအရင်းအမြစ် 新华网

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် ရထားလမ်းကို အဓိကထား၊ ကုန်လမ်းကို အခြေခံထား၊ ရေလမ်းပို့ဆောင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးအားသာချက်ကို အပြည့်အဝအသုံးချနိုင်ခဲ့ရာ နိုင်ငံ၏အထွေထွေလမ်းပန်းဆက်သွယ်ရေး ရုပ်လုံးသည် တစ်နေ့တစ်ခြားပို၍ ပြည်စုံလာခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက် မြန်နှုန်းမြင့်ရထားလမ်းသည် လူပေါင်းတစ်သန်းကျော်ရှိသည့် မြို့များ၏ ၉၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားနိုင်ပြီဖြစ်သည်။မြန်နှုန်းမြင့်ရထားလမ်းသည် လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေး ခေတ်မီလာခြင်း၏ အဓိကလက္ခဏာတစ်ခုဖြစ်သည်။ ၂၀၀၈ ခုနှစ် တရုတ်နိုင်ငံ၌ ပထမဆုံးသော တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ မောင်းနှင်နိုင်သည့် ပေကျင်း-ထျန်းကျင်းရထားလမ်းဖောက်လုပ်နိုင်ချိန်မှစ၍ မြန်နှုန်းမြင့်ရထားလမ်းအများအပြားကို ဆက်တိုက်ဆိုသလို ဖောက်လုပ်တည်ဆောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။

အထူးသဖြင့် တရုတ်ကွန်မြူနစ်ပါတီ (၁၈)ကြိမ်မြောက် အမျိုးသား ကွန်ဂရက်မှစ၍ တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်းဖွံ့ဖြိုးတိုးတက်မှုသည် အရှိန်အဟုန်ဖြင့်အားကောင်းလာခဲ့ရာ နှစ်စဉ် ပျမ်းမျှ ၃,၅၀၀ ကီလိုမီတာ ဖောက်လုပ်ပြီးစီး အသုံးပြုနိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် ပမာဏအကျယ်ပြန့်ဆုံးနှင့်ခေတ်မီအရည်အသွေးအမြင့်ဆုံး မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။

China Railway၏ စာရင်းများအရ ၂၀၂၀ ပြည့်နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားပြေးဆွဲလည်ပတ်မှု ခရီးအကွာအဝေးသည် ၃၇,၉၀၀ ကီလိုမီတာ ရှိရာ ကမ္ဘာ့မြန်နှုန်းမြင့်ရထားလမ်းခရီးသွားလာမှု၏ ၆၉ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။ ၎င်းတို့အနက် တစ်နာရီလျှင် ၃၀၀ ကီလိုမီတာမှ ၃၅၀ ကီလိုမီတာ မောင်းနှင်နိုင်သည့် ရထားလမ်းသွားလာမှုအကွာအဝေး ၁၃,၇၀၀ ကီလိုမီတာဖြင့် ၃၆ ရာခိုင်နှုန်းရှိပြီး တစ်နာရီလျှင် ၂၀၀ ကီလိုမီတာမှ ၂၅၀ ကီလိုမီတာ ပြေးဆွဲနိုင်သည့် ရထားလမ်း သွားလာမှုသည် ၂၄,၂၀၀ ကီလိုမီတာဖြင့် ၆၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

လက်ရှိ တရုတ်နိုင်ငံတွင် “ဒေါင်လိုက်လမ်းကြောင်း ၄ သွယ်၊အလျားလိုက် လမ်းကြောင်း ၄ သွယ်” မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်မှုသည် ပုံစံပေါ်နေပြီး “ဒေါင်လိုက်လမ်းကြောင်း ၈ သွယ်၊အလျားလိုက် လမ်းကြောင်း ၈ သွယ်”မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်တည်ဆောက်မှုကို အသေးစိတ်ပုံဖော်လျက်ရှိသည်။

ပေကျင်း-ရှန်ဟိုင်း၊ ပေကျင်း-ထျန်းကျင်း၊ ပေကျင်း-ကျန်းကျားခို၊ ချိန်တူး-ချုံချင့် စသည့် မြန်နှုန်းမြင့်ရထားလမ်းပေါ်တွင် Fuxing ကျည်ဆန်ရထားများသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲလျက်ရှိရာ တရုတ်နိုင်ငံသည် တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းမောင်းနှင်နိုင်သည့်ရထားလမ်းကို စီးပွားဖြစ်လည်ပတ်နိုင်သည့် တစ်ခုတည်းသောနိုင်ငံဖြစ်ရာ ကမ္ဘာ့မြန်နှုန်းမြင့်ရထားလမ်း စီးပွားဖြစ်လည်ပတ်နိုင်ရန်အတွက် စံနမူနာဖြစ်ခဲ့သည်။ (Xinhua)