လက်ရှိတွင် တရုတ်နိုင်ငံ၌ အရှေ့မြောက်ပိုင်း ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ်(Northeast China Tiger and Leopard National Park)၊ ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်(Qilian Mountain National Park)၊ ပန်ဒါဝက်ဝံကြီး အမျိုးသားဥယျာဉ်(Giant Panda National Park)၊ ဆန်းကျန်းယွမ် အမျိုးသားဥယျာဉ် (Sanjiangyuan National Park)၊ ဟိုင်နန်အပူပိုင်း မိုးသစ်တော အမျိုးသားဥယျာဉ်(Hainan Tropical Rainforest National Park)၊ ဝူရီဆန်းတောင် အမျိုးသားဥယျာဉ်(Wuyishan National Park)၊ ဆန်နုန်ကျ အမျိုးသား ဥယျာဉ်(Shennongjia National Park)၊ ဖူတာချော့ အမျိုးသားဥယျာဉ်(Potatso National Park)၊ ချန်ကျန်းယွမ် အမျိုးသားဥယျာဉ်(Qianjiangyuan National Park)၊ နန်ဆန်းတောင် အမျိုးသားဥယျာဉ်(Nanshan National Park)စသည့် အမျိုးသားဥယျာဉ်ရှေ့ပြေးဇုန် ၁၀ ခု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါရှေ့ပြေးဇုန်များသည် ပြည်နယ် ၁၂ ခုနှင့်ဆက်စပ်နေပြီး စုစုပေါင်းဧရိယာ စတုရန်းကီလိုမီတာ ၂၂၀,၀၀၀ ကျော်ရှိရာ တရုတ်နိုင်ငံ ကုန်တွင်းပိုင်းနယ်မြေ၏ ၂.၃ ရာခိုင်နှုန်းခန့် ရှိသည်။
တရုတ်နိုင်ငံ၌ အမျိုးသားဥယျာဉ်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် သဘာဝဂေဟစနစ်၏ မူလစစ်မှန်မှုနှင့်ပြည့်စုံမှုကို ထိန်းသိမ်းရန်၊ ဇီဝမျိုးစုံမျိုးစိတ်များကို ကာကွယ်ရန် ၊ ဂေဟလုံခြုံရေးအကာအကွယ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ နောင်လာနောက်သားများအတွက် အဖိုးတန်သည့် သဘာဝပိုင်ဆိုင်မှုများကို ချန်ထားပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်ပိုင်းများတွင် မျိုးသုဉ်းမည့် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် တရုတ်နိုင်ငံ၏ရတနာ “ပန်ဒါဝက်ဝံကြီး”ကို မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered [EN])မှ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်(Vulnerable[VU])အဆင့်သို့ လျှော့ချနိုင်ခဲ့သည်။ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered [CR])ဖြစ်သည့် ဟိုင်နန် မျောက်လွှဲကျော်၏ အကောင်ရေ တိုးပွားလာခဲ့ပြီး ချင်းဟိုင်-Xizang ကုန်းပြင်မြင့် တိဗက်ဒရယ်၏အရေအတွက်သည်လည်း များပြားလာခဲ့ရာ ၎င်းမှာ ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်သလို တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးစိတ်ကွဲ ကာကွယ်ထိန်းသိမ်းရေးအောင်မြင်မှုနှင့်ထိရောက်မှု၏ ပုံရိပ်ငယ်တစ်ခုလည်း ဖြစ်သည်။ (Xinhua)