တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ စစ်ဆောင်ပန်နားတွင် အဝေးပြေးလမ်းမသစ်တစ်ခု ထပ်တိုးဖွင့်လှစ်

2021-01-19 10:31:33 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ စစ်ဆောင်ပန်နား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟုန်းမြို့နှင့် မုန်ဟိုင်ခရိုင်ကို ချိတ်ဆက်ထားသည့် ကျင်ဟိုင် အဝေးပြေးလမ်းမကြီးကို ဇန်နဝါရီ ၁၅ ရက်က အပိုင်းခွဲ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင်မှုသည် “မုန့်ဟိုင်ခရိုင်သို့ အဝေးပြေးလမ်း မရောက်ရှိနိုင်”ဟူသော သမိုင်းကို အဆုံးသတ်နိုင်ခဲ့ရာ နောင်တွင် ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ တရုတ်-မြန်မာ နယ်စပ် မုန်ဟိုင်ခရိုင် တာလော့ နယ်စပ်ဂိတ်ထိ ပို၍ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်သည်။

စစ်ဆောင်ပန်နားသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း နယ်စပ်ဒေသတွင်တည်ရှိရာ မြန်မာနိုင်ငံနှင့်ဆက်စပ်နေသည်။ ကျင်ဟိုင် အဝေးပြေးလမ်းမကြီး၏ ပင်မလမ်းကြောင်းသည် ကျင်ဟုန်းမြို့ အရှေ့တွင် အစပြု၍ မုန်ဟိုင်ခရိုင်မြို့ တောင်ဘက်တွင် အဆုံးသတ်ကြောင်း သိရသည်။ ပင်မယာဉ်ကြောကို နှစ်လမ်းသွား ယာဉ်လေးစီးစီ သွားလာနိုင်သည့် အဝေးပြေးလမ်းစံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ထားခြင်းဖြစ်ရာ စုစုပေါင်းအရှည် (၅၄)ကီလိုမီတာခန့် ရှိသည့် ယင်းအဝေးပြေးလမ်းမကြီးကို တစ်နာရီလျှင် ကီလိုမီတာ(၈၀) မြန်နှုန်းဖြင့် မောင်းနှင်နိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏အဝေးပြေးလမ်းမ ကွန်ရက် G85နှင့် ချိတ်ဆက်သည့် အစိတ်အပိုင်းတစ်ခုဖြစ်သလို တရုတ်နိုင်ငံ အလယ်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများသို့ သွားရာ ယာဉ်ကြောလမ်းဖြစ်ကြောင်း သိရသည်။

ကျင်ဟိုင် အဝေးပြေးလမ်းမ ဖွင့်လှစ်သွားလာနိုင်မှုသည် စစ်ဆောင်ပန်နားတွင် ခရိုင်ချင်း အဝေးပြေးလမ်းချိတ်ဆက်မှုကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ ကျင်ဟုန်းနှင့် မုန်ဟိုင် နေရာနှစ်ခုအကြား ယာဉ်မောင်းနှင်သွားလာရာတွင် မူလက ၁ နာရီခွဲ ကြာမြင့်ရာမှ ယခုအခါ နာရီဝက်ဖြင့် သွားလာနိုင်သည်။ ထိုပြောင်းလဲမှုသည် ဒေသတစ်လျှောက် လမ်းပန်းဆက်သွယ်ရေးဝန်ပိအားကို လျှော့ချခြင်း၊ ဒေသလမ်းပန်းဆက်သွယ်ရေးကွန်ရက်ကို ပြည့်စုံအောင် ဖြည့်ဆည်းခြင်း၊ ဒေသတွင်း ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးရေးကို မြှင့်တင်ခြင်းနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မြှင့်တင်ရာတွင် လေးနက်သည့်အဓိပ္ပါယ်ကို ဆောင်ကြဉ်းပေးသလို တရုတ်-မြန်မာ နှစ်နိုင်ငံ အပြန်အလှန်ဆက်သွယ်ချိတ်ဆက်သည့် လမ်းပန်းဆက်သွယ်ရေးပင်မသွေးကြောကို တစ်ဆင့်တိုးတည်ဆောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။