သမ္မတရှီကျင့်ဖျင်သည် တရုတ်တစ်ပြည်လုံးဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းတွင် စံပြထူးချွန်သူ များအား ဂုဏ်ပြုလွှာနှင့်ဂုဏ်ပြုတံဆိပ် ချီးမြှင့်

2021-02-26 11:03:20 |သတင်းအရင်းအမြစ် 云南日报

ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရုတ်တစ်ပြည်လုံးဆင်းရဲနွမ်းပါးမှုလျှော့ချရေး ခြုံငုံသုံးသပ်ခြင်းနှင့် ဂုဏ်ပြုလွှာဂုဏ်ပြုတံဆိပ် ချီးမြှင့်ခြင်းအခမ်းအနားကို ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးတွင် ခမ်းနား သိုက်မြိုက်စွာ ကျင်းပခဲ့ပြီး တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် “တရုတ်တစ်ပြည်လုံး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဥ်အတွင်း စံပြထူးချွန်သူ” ဂုဏ်ပြုခြင်းခံရသည့် ဆရာမကြီးကျန်းကွေ့မေအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုတံဆိပ်ကို ချီးမြှင့်ခဲ့သည်။

ဆရာမကြီးကျမ်းကွေ့မေသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဟွာဖျင်ခရိုင် အမျိုးသမီး အထက်တန်း ကျောင်း၏ ကျောင်းအုပ်ကြီးဖြစ်ပြီး တရုတ်နယ်စပ်ဒေသတွင် ပညာရေးလုပ်ငန်း ဆောင်ရွက်နေသည်မှာ နှစ်ပေါင်း ၄၀ ကျော်ရှိပြီဖြစ်သည်။

၁၉၇၄ ခုနှစ် အောက်တိုဘာလတွင် တရုတ်နယ်စပ်ဒေသ၏ ပညာရေးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ပါဝင်ကူညီထောက်ပံ့ရန်အတွက် ဆရာမကြီးကျန်းကွေ့မေသည် ဇာတိမြေတရုတ်နိုင်ငံမြောက်ပိုင်းရှိ ဟေးလုံကျန်းပြည်နယ်မှ တရုတ်နိုင်ငံအနောက်တောင်ဘက်ရှိ ယူနန်ပြည်နယ်သို့ ရောက်လာခဲ့ပါသည်။ ထိုစဥ်တွင် ဆင်းရဲနွမ်းပါးမိသားစုမှ မွေးဖွားသည့် အမျိုးသမီးများစွာသည် ကျောင်းတက်ခွင့်မရရှိဘဲ စောစီးစွာ အိမ်ထောင်ပြုကြရလေ့ရှိသည်။ ၎င်းအမျိုးသမီးများအတွက် ကျောင်းတက်ခြင်းသည် အလွန်ဝေးလံသော၊ မဖြစ်နိုင်သောအိပ်မက်သာ ဖြစ်ခဲ့ပါသည်။ သို့ရာတွင် ကျန်းကွေ့မေသည် ၎င်းတို့ကို ကျောင်းတက်စေချင်ပြီး ပြင်ပကမ္ဘာကို သူတို့အား ကြည့်နိုင်စေချင်ခဲ့သည်။ ကျောင်းတက်ပြီး ပညာ တတ်မှသာ အမျိုးသမီးတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်သည်ဟု သူမ ယုံကြည်ပါသည်။

ထို့ကြောင့်၊ ဆရာမကြီးကျန်းကွေ့မေသည် အလှူငွေရရှိနိုင်ရန် ကြိုးစားပြီး ထို့အတူ သူမကိုယ်တိုင် ကလည်း သူမပိုင်ဆိုင်သော ငွေကြေးဥစ္စာများ အားလုံးကို လှူဒါန်းခဲ့ပါသည်။ အစိုးရနှင့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၏ ကူညီထောက်ပံ့မှုများကြောင့် သူမသည် အခက်အခဲများစွာကို ဖြတ်ကျော် နိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် တရုတ်ပြည်တွင်း ပထမဆုံး အခမဲ့အမျိုးသမီးအထက်တန်းကျောင်းကို ဟွာဖျင်ခရိုင်၌ တည်ဆောက်နိုင်ခဲ့ပါသည်။ လွန်ခဲ့သော ၁၂ နှစ်တာကာလတွင် ကျန်းကွေ့မေသည် မိမိကိုယ်တိုင်၏ နေထိုင်စားသောက်မှု၊ ကျန်းမာရေးကိုပင် ဂရုမစိုက်နိုင်ဘဲ ကျောင်းဆက်မတက်နိုင်သော အမျိုးသမီးများကို ဂရုစိုက်နေခဲ့ပါသည်။ သူမသည် ဆင်းရဲနွမ်းပါးမိသားစုမှ ကျောင်းဆက်မတက်နိုင် သော အမျိုးသမီး ၁၈၀၄ ဦးအား တက္ကသိုလ် ဆက်လက်တက်နိုင်ရန် ကူညီပေးခဲ့သည်။ ၎င်းအမျိုးသမီး များသည် ဘွဲ့ရပြီးနောက် အများစုသည် ကျောင်းဆရာမ၊ ရဲမေ၊ ဆရာဝန် စသဖြင့်ဖြစ်သွားကြပြီး ကျန်းကွေ့မေကြောင့် သူတို့၏ တစ်သက်တာကံကြမ္မာ ကောင်းမွန်စေခဲ့သည်ဟု သူမ ကူညီခဲ့ဖူးသည့် အမျိုးသမီးများမှ ပြောပါသည်။(သတင်းအရင်းအမြစ်၊ ဆင်ဟွာသတင်းဌာန။ ဘာသာပြန်၊ Yunnan Gateway)