တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျစေရေး ရှေ့ဆက်မည့် အဆိုပြုချက် သုံးခု ကို မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ပထမအချက်မှာ မြန်မာနိုင်ငံအတွင်းရှိအဖွဲ့အစည်းအားလုံးအနေဖြင့် တည်ငြိမ်မှုနှင့် ငြိမ်သက်မှုကို ထိန်းသိမ်းသွားရန် ၊ အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း ၎င်းတို့၏ ကွဲလွဲချက်များကို ဆွေးနွေးခြင်းနှင့် ညှိုနှိုင်းခြင်း လုပ်ဆောင်သွားရန်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဆက်လက် လုပ်ဆောင်သွားရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း ဝမ်ရိက ဆိုသည်။
ချက်ချင်း ဦးစားပေးလုပ်ဆောင်ရန်မှာ နောက်ထပ် ပဋိပက္ခ နှင့် သွေးထွက်သံယိုမှု မဖြစ်ပွားအောင် ကာကွယ်ရန်နှင့် အခြေအနေကို တက်နိုင်သမျှ အမြန်ဆုံး အေးငြိမ်းသက်သာအောင် လုပ်ဆောင်ရန် ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ နှစ်ပတ်လည်ဥပဒေပြုရေးအဖွဲ့အစည်းအဝေးနှင့်ဆက်စပ်ပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ တရုတ်နိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ပြည်တွင်း ရေးဝင်ရောက် မစွက်ဖက်ခြင်းအခြေခံမူဖြင့် ညှိနှိုင်းဆောင်ရွက်ခြင်း မူဝါဒကို ထောက်ခံအားပေးကာ အာဆီယံနည်းလမ်းဖြင့် သဘောတူညီမှုများကို ညှိနှိုင်းအဖြေရှာကြရန် ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာနှင့် ပြည်သူများ၏ သဘောထားဆန္ဒကို လေးစားလိုက်နာခြင်းပေါ် အခြေခံကာ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့်အတူ စေ့စပ်ညှိနှိုင်းခြင်း နှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျ အောင် အပြုသဘောဆောင်သောအခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားရန် အသင့်ရပ်တည်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
တတိယအချက်မှာ ခက်ခဲသောအခြေအနေကိုကျော်ဖြတ်ကာ တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ အသိုက်အဝန်းတစ်ခုဖြင့် တရုတ်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်အောင်ထားရှိသော ၎င်း၏ ကတိကဝတ်များကို တရုတ်နိုင်ငံက အဆုံးရှုံးခံမည်မဟုတ်ကြောင်းနှင့် အခြေအနေများ မည်ကဲ့သို့ ဖြစ်ပေါ်တိုးတက်နေစေကာမူ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းကို ပြောင်းလဲ ပစ်မည်မဟုတ်ကြောင်း ဝမ်က ဆိုသည်။
မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှု မူဝါဒသည် မြန်မာနိုင်ငံသားအားလုံးအတွက် ရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ ပြီးခဲ့တဲ့နှစ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးပါတီ များစွာနဲ့ အပြန်အလှန်ချစ်ကြည်ရင်းနှီးမှုဖလှယ်တာတွေကို ကျွန်တော်တို့ထိန်းသိမ်းခဲ့ပါတယ် ” ဟု ဝမ်က ပြောကြားခဲ့သည်။ တရုတ်-မြန်မာချစ်ကြည်ရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်မှာ မြန်မာနိုင်ငံ နယ်ပယ်အသီးသီး၏ တူညီသည့်သဘောထားအမြင်လည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။(Xinhua)