【Lanmei Outlook】ပိုအော်ဖိုရမ်ကြောင့် ကမ္ဘာ့ရွာကြီး ပို၍ပို၍တောက်ပလာမယ်လို့ ယုံကြည်တယ်

2021-04-23 18:52:11 |သတင်းအရင်းအမြစ် 云南日报

အယ်ဒီတာအညွှန်း- ဧပြီလ(၁၈)ရက်နေ့တွင် ၂၀၂၁ ခုနှစ် Asia Boao Forum နှစ်ပတ်လည် ညီလာခံကို စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် ပညာရေးကဏ္ဍမှ ကိုယ်စားလှယ် အသီးသီးသည် ဟိုင်နန်မြို့တွင် လာရောက်စုစည်းကြပြီး “Boao Time” စတင်ခဲ့သည်။

လွန်ခဲ့သောနှစ်(၂၀)တွင် Boao သည် လူသူမသိသေးသော တံငါရွာလေးသာ ဖြစ်သည်။ နှစ်ပေါင်း(၂၀) ကြာပြီးနောက် Boao သည် အာရှတိုက်နှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုရှိသော ကူးလူးဖလှယ်ရေး ပလက်ဖောင်းဖြစ်လာသည်။ နှစ်(၂၀)အတွင်း Boao အာရှဖိုရမ်၏ အကျိုးသက်ရောက်မှုမှာ ထွန်းကား ပြန့်ပွားနေပြီး ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်းရှိကာ အာရှတိုက်နှင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်ရန် ထူးခြားသော အခန်းကဏ္ဍ ဖြစ်ခဲ့သည်။

ယနေ့မှစ၍ ဟိုင်နန်အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးစင်တာ၊ ဟိုင်နန်အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေး ကွန်ရက်မှ “Boao Forum အပေါ် နိုင်ငံခြားသားအမြင်”ဟူသော ကော်လံအသစ် ဖွင့်လှစ် တင်ဆက်မည် ဖြစ်သည်။ နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များကို ဖိတ်ခေါ်ပြီး Boao အာရှဖိုရမ်၏ ဖွံ့ဖြိုးတိုးတက်မှု၊ အာရှတိုက် စီးပွားရေးအလားအလာများနှင့် ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲများကို ဆွေးနွေးကြမည်ဖြစ် ပြီး အသိပညာနှင့် အတွေးအခေါ်များကို တင်ဆက်ဖော်ပြသွားမည်။

(ဘဦး၊ ပြန်ကြားရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း။
တာဝန်ခံအယ်ဒီတာ၊ မန္တလေးသတင်းဂျာနယ်။)

 

၂၀၀၂ ခုနှစ်မှစ၍ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ Boao မြို့တွင် နှစ်စဉ်ပြုလုပ်သော ပိုအော်ဖိုရမ် (Boao Forum for Asia) သည် ယခုနှစ်တွင် နှစ် ၂၀ ပြည့်မြောက်အထိမ်းအမှတ်အဖြစ် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၉ နိုင်ငံက တက်ရောက်ကြမည်ဖြစ်သည်။ ပိုအော်ဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၂၀၀၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စတင်ခဲ့စဉ်က အာရှနိုင်ငံများနှင့် သြစတြေးလျနိုင်ငံ အပါအဝင် စုစုပေါင်း ၂၆ နိုင်ငံဖြင့် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အာရှတိုက်နိုင်ငံများမှသည် ကမ္ဘာကြီးတစ်ခုလုံးနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ပိုအော်ဖိုရမ်သည် ပြီးခဲ့သည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ၏သက်ရောက်မှုကြောင့် စီးပွားရေးအကြပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင် “ကပ်ရောဂါ နှင့် ပြောင်းလဲနေသော ကမ္ဘာ” သုတေသန အစီရင်ခံစာကို ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂ ရက် ၌ ထုတ်ပြန်ခဲ့ပြီး ပိုအော်သည် ကမ္ဘာကြီးနှင့်ပိုမိုနီးနီးကပ်ကပ် ရှိနေခဲ့သည်ကို တွေ့ရပါသည်။

အဆိုပါအစီရင်ခံစာတွင် ကိုဗစ်-၁၉ ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာရှိ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်ရှိ လူပုဂ္ဂိုလ်များ၏ သဘောထားအမြင်များ စုစည်းထားပြီး ကပ်ရောဂါ နိုင်ငံတကာသို့ ပြန့်ပွားပုံနှင့် နိုင်ငံအသီးသီး၏ ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းပုံ နှင့်ပတ်သက်၍ သုံးသပ်မှုများ ပါဝင်ခဲ့သည်။ ထိုသုံးသပ်မှုတွင် တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုက အကောင်းဆုံး ဖြစ်ကြောင်း သုံးသပ်ထားပြီး ကမ္ဘာ့အခြား နိုင်ငံများအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် စံနမူနာ၊ စိန်ခေါ်မှုအား ရင်ဆိုင်သည့် နမူနာ ဖြစ်စေခဲ့ကာ ကပ်ရောဂါကို အကောင်းဆုံးကျော်ဖြတ်နိုင်ရန်အတွက်ကိုလည်း တရုတ်နိုင်ငံက ထောက်ပံ့ပေးနိုင်ခဲ့သည်ကိုတွေ့ရသည်။ ထိုသည်မှာ ပိုအော်၏ နှစ် ၂၀ အတွင်း ကမ္ဘာကြီးတစ်ခုလုံးကို အကျိုးသက်ရောက်စေသော ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူခြင်းကို အထောက်အကူဖြစ်စေသော အားလုံးအကျိုးဖြစ်ထွန်းစေသည့် ဘုံဖွံ့ဖြိုးတိုးတက်မှု၏ စံနမူနာတစ်ခုပင် ဖြစ်ပါသည်။

ပိုအော်ဖိုရမ် အတွင်းရေးမှူးချုပ် လီပေါင်တုန်း က ကပ်ရောဂါ သည် ကမ္ဘာ့နိုင်ငံ အသီးသီး အား ရှင်းလင်းသိသာစွာ သတိပေးနေပြီး လူသားများအားလုံးက ကမ္ဘာ့ရွာအတွင်း နေထိုင်နေပြီး ဘုံကြမ္မာတူ အသိုက်အဝန်း ဖြစ်စေခဲ့ကြောင်း၊ ကမ္ဘာပေါ် တွင် မည်သည့်နိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု နှင့် ကြုံတွေ့ရချိန်တွင် သီးသန့်ခွဲခြားနေ၍ မရနိုင်ကြောင်း၊ ပိုအော်ဖိုရမ် အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက်သွားပြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်မှသာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှု ကို ရင်ဆိုင်နိုင်မည် ဟုယုံကြည်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်ကို သတင်းတွင်ဖော်ပြထားသည်ကို မှတ်သားရပါသည်။

ပိုအော်ဖိုရမ်ကို ယခုနှစ်တွင် “A World in Change: Join Hands to Strengthen Global Governance and Advance Belt and Road Cooperation” “ပြောင်းလဲနေသည့်ကမ္ဘာ - ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်မှု ပိုမိုခိုင်မာစေရန် လက်တွဲလုပ်ဆောင်၊ Belt and Road ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်" ဆိုသည့် ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

ပိုအော်ကျင်းပသည့် တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ပိုအော်မြို့သည် နေထိုင်မှုပတ်ဝန်းကျင် သာယာကောင်းမွန်ပြီး အဆင့်မြင့်အပန်းဖြေဒေသတစ်ခုဖြစ်သည်နှင့်အညီ အဆိုပါဒေသ၌ နိုင်ငံတကာ အဆင့်မြင့် စီးပွားကုန်သွယ်ရေး စည်းမျဉ်းစည်ကမ်းများနှင့် ဆက်နွှယ်သည့်၊ အရည်အသွေးနှင့် စံချိန်စံညွန်းမြင့်မားသည့်၊ ကမ္ဘာလုံးဆိုင်ရာ လွမ်းခြုံမှုရှိသည့် ဟိုင်နန်လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခု တည်ဆောက်ခြင်းသည် တရုတ်နိုင်ငံ၏ တံခါးဖွင့်ခြင်းကို ပိုမိုလှစ်ဟလိုက်သကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အခွင့်အလမ်းတစ်ခုဖြစ်သည်။ အဆိုပါဟိုင်နန်ကျွန်းအတွင်း ခရီးသွားလုပ်ငန်း၊ ခေတ်မီဝန်ဆောင်မှုများနှင့် အဆင့်မြင့်နည်းပညာများ ပါဝင်လွှမ်းခြုံထားသည့် အဓိကကျသော စက်မှုဥယျာဉ်များလည်း တည်ဆောက်ထားရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသကောင်းတစ်ခုဖြစ်ရုံမျှမက အဆင့်မြင့်အပန်းဖြေဝန်ဆောင်မှုများရယူနိုင်သည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။

ပိုအော်ဖိုရမ်သည် အာရှတိုက်နိုင်ငံများအကြားနှင့် အာရှတိုက်နှင့် အခြားသော ကမ္ဘာ့ဒေသအသီးသီး တို့အကြား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ အာရှတိုက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု တစ်ပေါင်းတစ်စည်းတည်းဖြစ်ထွန်းစေနိုင်ရန် ရည်ရွယ်ပြီး ဖိုရမ်ကျင်းပခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း အာရှတိုက်နိုင်ငံ အသီးသီးတို့အား ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တက်ကြွစွာ တွန်းအားပေးခြင်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကာ နိုင်ငံအသီးသီး၏ ယုံကြည်မှုမြင့်တင်ဖို့ ပုံဖော်လျက်ရှိသည်။

အကြပ်အတည်းကာလတစ်ခုဟုဆိုရမည့် ၂၀၂၀ ခုနှစ် ကိုဗစ်-၁၉ ဖြစ်ပွားနေချိန်တွင်ပင် အာဆီယံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏသည် အမေရိကန် ဒေါ်လာ (၇၃၁.၉) ဘီလီယံရှိပြီး၊ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထိုသည်မှာ တရုတ်နှင့်အာဆီယံနိုင်ငံများအကြား ကိုဗစ်-၁၉ အလွန် ဒေသတွင်းစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လိုအပ်ချက်သည့်အခြေအနေအသစ်တွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အတွက် သိသိသာသာ ကြီးထွားလာသည်ကို ပြသခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် လွတ်လပ်သော ကုန်သွယ်မှုဒေသ ထူထောင်ရေးဆိုင်ရာ သဘောတူစာချုပ်တစ်ခု ဖြစ်သော ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် (Regional Comprehensive Ecomonic Partnership-RCEP) ကို ၂၀၂၀ နို၀င်ဘာလတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်ခြေလှမ်းဖြစ်စေခဲ့သည့်အပြင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ ကြီးမားသောအလားအလာတစ်ခု ဖြစ်ခဲ့သည်။

တရုတ်၏အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများမှာ အာဆီယံ၊ အီးယူ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ဖြစ်ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများအကြား သွင်းကုန်ပို့ကုန်ပမာဏသည် ယွမ် ၄.၇၄ ထရီလီယံ၊ ၄.၅၊ ၄.၀၆၊ ၂.၂ နှင့် ၁.၉၇ ထရီလီယံအသီးသီးရှိကာ ၇ %, ၅.၃%, ၈.၈%, ၁.၂% နှင့် ၀.၇% အသီးသီးရှိသည်။ ထို့အပြင် Belt and Road တစ်လျှောက်ရှိ နိုင်ငံများသို့ တရုတ်၏ ပို့ကုန်သွင်းကုန် ပမာဏသည် ယွမ် ၉ ဒသမ ၃၇ ထရီလီယံသို့ ရောက်ရှိခဲ့ပြီး ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု လေ့လာမှုအရ သိရှိရပါသည်။ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် မသေချာမရေရာမှုများကြားကပင် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု၏ တိုးတက်မှုပုံရိပ်များကို မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းပင်ဖြစ်သည်။

ယခုနှစ်သည် အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးထူထောင်သည့်နှစ် ၃၀ ပြည့်နှစ် ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံ၏ အရေးပါပြီး ယုံကြည်အားထားရသော မိတ်ဖက်နိုင်ငံဖြစ်ပြီး အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေးဟာ ကဏ္ဍပေါင်းစုံမှာ ပုံမှန်တိုးတက်လျက်ရှိကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ သာယာဝပြောရေးကို အထောက်အကူပြုလျက်ရှိပေသည်။

“ယနေ့ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေး မြင်ကွင်းပြောင်းလဲမှုအသစ်များနှင့်အညီ လိုက်လျောညီထွေဖြစ်အောင် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုမျှတပြီး ကျိုးကြောင်းဆီလျော်သော လမ်းညွှန်မှုဖြင့် မြှင့်တင်ရန်နှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောအာမခံချက်ပေးရန် လိုအပ်သည်။ သို့သော် ပြုပြင်ပြောင်းလဲမှုသည် အသစ်စတင်ရန်မဟုတ်ပါ။ နိုင်ငံအနည်းငယ်၏ အကျိုးစီးပွားအတွက်လည်း မဟုတ်ပါ။ WTO ၏လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို တရုတ်က ထောက်ခံသော်လည်း ၎င်း၏အခြေခံမူများနှင့် အဓိကတန်ဖိုးများကို လိုက်နာရမည်” ဟု ၂၀၁၉ ခုနှစ် ပိုအော်ဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ၀န်ကြီးချုပ် လီခချန်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး နိုင်ငံများ၏အကျိုးစီးပွားနှင့်စိုးရိမ်ပူပန်မှုများကို အပြည့်အဝထည့်သွင်းစဉ်းစားရမည်။ မတူကွဲပြားသောနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်များကို ထည့်သွင်းစဉ်းစားရမည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများကိုကာကွယ်ရန် အထူးဂရုပြုရမည်။ တောင်နှင့်မြောက်အကြား ကွာဟမှုကို ကျဉ်းမြောင်းစေပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်ညှိနှိုင်းတိုင်ပင်ခြင်းနှင့် အပြန်အလှန်နားလည်မှု တို့ကို လိုက်နာရမည်။ ဆွေးနွေးမှုများနှင့်တိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် ကွဲပြားခြားနားမှုများကို ဖြေရှင်းရန်ကြိုးပမ်းရမည်။ နိုင်ငံများ၏အကျိုးစီးပွားကို အကြီးမြတ်ဆုံးခွဲဝေယူရန်နှင့် ခိုင်မာသည့် အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုပတ်ဝန်းကျင်ကို အတူတကွဖန်တီးရမည်ဟု ဝန်ကြီးချုပ် လီခချန်က အကြံပြုတင်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် အရည်အသွေးမြင့်မားစွာဖြင့် လျင်မြန်စွာ တိုးတက်နေသည်။ တံခါးဖွင့်စီးပွားရေးကိုလည်း ပိုမိုတိုးချဲ့နေသည်။ ပိုအော်ဖိုရမ် နှစ်စဉ်ကျင်းပခြင်းဖြင့် ကမ္ဘာ့ရွာသူရွာသားများ ပိုမိုချစ်ကြည်စည်းလုံးကာ ယုံကြည်စိတ်ပိုမိုဖြစ်ထွန်းလာစေပြီး စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းကို တက်ကြွစွာအားပေးခြင်းဖြင့် ဘုံအကျိုးတူစီးပွားဖြစ်ထွန်းခြင်းကို ဆက်လက်ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ အခွင့်အလမ်းသစ်များစွာကိုလည်း ဆက်လက်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။