“တစ်ယောက်တည်းပဲ ချမ်းသာရင် ချမ်းသာမှုကို ပိုင်ဆိုင်တာ မဟုတ်ဘူး၊ အားလုံးပဲ ချမ်းသာမှ ချမ်းသာမှုကို ပိုင်ဆိုင်တာပါ”ဟု ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရင်ကျမ်းခရိုင် ပုံလဲကျေးရွာမှ ရွာသားချောင်စိန်ချာ၏ အမြဲ ပြောဆိုသည့် စကားဖြစ်ပေသည်။
လွန်ခဲ့သော ၅ နှစ်က ချောင်စိန်ချာသည် ပျားမွေးမြူရေးလုပ်ငန်းကို စတင်စုံစမ်းလုပ်ကိုင်ခဲ့သည်။ သူသည် အခက်အခဲ များစွာ ကျော်လွှား၍ တစိုက်မတ်မတ် လေ့လာခဲ့သည့်အတွက်ကြောင့် ပျားမွေးမြူရေး ကျွမ်းကျင်သူ တဖြည်းဖြည်း ဖြစ်လာပါသည်။ သူထုတ်လုပ်သော ပျားရည်၏ အရည်အသွေးသည် ကောင်းမွန်ပြီး ဝယ်လိုအားက ရောင်းလိုအားထက် မြင့်မားလှပါသည်။ ထို့ကြောင့် သူတို့ကျေးရွာနှင့် အနီးအနားတွင် ရှိသည့် ကျေးရွာများမှ ရွာသူရွာသားတို့အား လာရောက်လေ့လာရန် များစွာ ဆွဲဆောင်ခဲ့ပါသည်။ ၎င်းတို့အနက် ဂျိမ်းဖောလူမျိုး အများအပြား ပါဝင်နေသည်။“ဂျိမ်းဖောစကားမတတ်တော့ပျားမွေးမြူရေးဗဟုသုတတွေလည်း ပို့ချဖို့အခက်အခဲရှိတယ်။ ဘယ်လိုလုပ် ရမလဲ။”ဟု ထိုစဉ်က ချောင်စိန်ချာသည် အလွန် စိတ်ပူနေခဲ့ပါသည်။
ထိုအချိန်တွင် ကျေးရွာအစိုးရဝန်ထမ်းတစ်ဦးသည် ချောင်စိန်ချာနှင့် လမ်းတွင် ဆုံတွေ့ရာမှ တရုတ်ဘာသာစကားဖြင့် ဖလှယ်ဆွေးနွေးခဲ့ပါသည်။ ထိုအခါ ချောင်စိန်ချာသည် ဖြေရှင်းနည်းကို ရုတ်တရက် စဥ်းစားမိတော့သည်။ သူက အနီးအနားရှိကျေးရွာများမှ တရုတ်ဘာသာစကား ကျွမ်းကျင်စွာ ပြောတတ်သော ဂျိမ်းဖောလူမျိုးရွာသားများနှင့် ချက်ချင်း ဆက်သွယ်လိုက်သည်။ ၎င်းရွာသားများအား စကားပြန်အဖြစ် တာဝန်ယူရန် တောင်းဆိုလိုက်ပါသည်။ ဂျိမ်းဖောလူမျိုး ရွာသားများအား သူ၏ ပျားမွေးမြူရေးအခြေစိုက်စခန်းကို လာရောက်လေ့လာရန် ဖိတ်ခေါ်လိုက်ပါသည်။ ထို့အချိန်မှစ၍ ပျားမွေးမြူရေးအတတ်ပညာကို မျက်နှာချင်းဆိုင် သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ ပုံလဲကျေးရွာတွင် ပျားမွေးမြူရေး နေရာများသည် တဖြည်းဖြည်း နေရာအနှံ့ရှိလာပါသည်။ ပျားမွေးမြူရေးတောင်သူအိမ်ထောင်စု စုစုပေါင်း ၈၉ စုရှိပြီး အိမ်ထောင်စုတိုင်းသည် နှစ်စဥ်နှစ်တိုင်း ဝင်ငွေ တရုတ်ယွမ် ၂၀၀၀ ထိ တိုးများလာပါသည်။ ချောင်စိန်ချာသည် အလုပ်များပြားစွာ လုပ်ကိုင်ရင်းဖြင့်ပင် ဒေသခံရွာသားများအား ချမ်းမြေ့သာယာသောဘဝတွင် လျှောက်လှမ်းစေနိုင်သော ဦးဆောင်သူဖြစ်လာပါသည်။