တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ကူညီပံ့ပိုးလှူဒါန်းသော အောက်စီဂျင်စက် အလုံး(၁၀၀)နှင့် အသက်ရှူစက် အလုံး(၄၀)ပါဝင်သည့် ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများသည် တနင်္ဂနွေနေ့တွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး စွန်းဝေ့တုန်းက တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချိန်တူးမြို့မှ ကုန်တင်လေယာဉ်ဖြင့် တင်ဆောင်လာသည့် ပံ့ပိုးရေး ပစ္စည်းများသည် RCSCမှ အိန္ဒိယနိုင်ငံသို့ ကူညီလှူဒါန်းသည့် ပထမအသုတ် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ ဖြစ်ကြောင်း သံအမတ်ကြီး၏ပြောကြားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီပံ့ပိုးရန်အတွက် တရုတ်ကြက်ခြေနီအသင်း (RCSC)က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှတစ်ဆင့် အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်းကို အမေရိကန် ဒေါ်လာ (၁)သန်းလှူဒါန်းဖို့ ဆုံးဖြတ်ထားကြောင်း စွန်းက ဖော်ပြထား သည်။
ကမ္ဘာမှာ မည်သည့်အရာကမှ လူထုရဲ့ဘဝနဲ့အသက်ထက် တန်ဖိုးကြီးတဲ့အရာမရှိပါဘူး။ အသက်ရှင် နေထိုင်းခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းက အရေးအကြီးဆုံး အခြေခံ လူ့အခွင့်အရေးဖြစ်တယ်”ဟု စွန်းက ဆိုသည်။
“RCSCရဲ့ဆောင်ရွက်မှုက လူသားချင်းစာနာထောက်ထားမှုစိတ်ဓါတ်နဲ့ လူသားမျိုးနွယ်တို့ရဲ့ အသက် အိုးအိမ်ကျန်းမာရေးကို ကာကွယ်ဆောင်ရွက်ပေးမှုလည်း ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတွင် တနင်္ဂနွေနေ့က ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ (၄၀၃,၇၃၈) ဦး ထပ်တိုးခဲ့ရာ စုစုပေါင်းအတည်ပြုလူနာ (၂၂.၂၉၆၄၁၄)သန်း၊ အသစ်ထပ်တိုးသေဆုံးသူ (၄,၀၉၂)ဦးနှင့် စုစုပေါင်း သေဆုံးလူနာ (၂၄၂,၃၆၂)ဦး ရှိပြီဖြစ်ကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ (Xinhua)