၂၀၀၈ ခုနှစ် မေလ (၁၂)ရက် မွန်းလွဲ(၂)နာရီ (၂၈)မိနစ်တွင် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ဝမ်ချွမ်ခရိုင်တွင် ပြင်းအား (၈.၀)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သည်။ ပြင်းအားအပြင်းထန်ဆုံး (၁၁)ဒီဂရီထိရှိခဲ့သည်။ (၁၃)နှစ်ကြာပြီးနောက် ကျဆုံးသွားသူအယောက်တိုင်းစီကို ကျွန်တော်တို့သတိရနေဆဲဖြစ်သည်။ ယနေ့သည် ဝမ်ချွမ်ငလျင်လှုပ်ခဲ့သော (၁၃)နှစ်မြောက်နှစ်ပတ်လည်နေ့ဖြစ်သည်။
ဝမ်ချွမ်ငလျင်ခေါင်းစဉ်ဖြင့် ရိုက်ကူးထားသော “တစ်ရာ့ရှစ်”ရုပ်ရှင်မှာ မေလ(၁၅)ရက်နေ့တွင် ရုံတင်မည် ဖြစ်သည်။ ရုပ်ရှင်ဇာတ်လမ်းမှာ တကယ့်အဖြစ်အပျက်များကို အခြေခံကာ ပြန်လည်ရေးသား ရိုက်ကူးထားခြင်းဖြစ်ပြီး ငလျင် ဖြစ်ခဲ့စဉ်က ကယ်ဆယ်ရေးသူရဲကောင်းများကို ဂုဏ်ပြုခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ် ဝမ်ချွမ်ငလျင်လှုပ်ပြီးနောက် စီချွမ်ပြည်နယ် ရှီဖန်မြို့ လောဟန်ရှီဘုရားကျောင်းတွင် ကယ်ဆယ်ရေးစင်တာ ဖွင့်လှစ်အခြေချခဲ့သည်။ ကလေးငယ်(၁၀၈)ဦး လောဟန်ရှီဘုရားကျောင်းတွင် မွေးဖွားခဲ့သည်။ “တစ်ရာ့ရှစ်”ရုပ်ရှင်ဇာတ်လမ်းမှာလည်း အဆိုပါ စိတ်လှုပ်ရှားဖွယ်ကောင်းသော နောက်ကွယ်က တကယ့်အဖြစ်အပျက်များကို ရိုက်ကူးထားခြင်းဖြစ်သည်။
“ဝမ်ချွမ်ငလျင်လှုပ်ခဲ့တာ (၁၃)နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ မမေ့နိုင်တဲ့ အောက်မေ့ဖွယ်အမှတ်တရ အနေနဲ့ ငလျင်ဒဏ်ကာလက အသက်ပေါင်းများစွာကယ်ပေးခဲ့တဲ့ သူရဲကောင်းတွေနဲ့ ဝတ်ဖြူစင်ကြယ် ကောင်းကင်တမန်တွေကို ဂုဏ်ပြုဖို့ အဲဒီအချိန်က ဖြစ်ပျက်ခဲ့တဲ့ ပုံပြင်တွေကို ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ထားတာဖြစ်ပါတယ်။”ဟု ဒါရိုက်တာ ခုံကျားရှင်းက ပြောသည်။