တယ်ဟုန်ပြည်နယ်ခွဲ လုံချွမ်းခရိုင် တိုင်လူမျိုးကျေးရွာ၏ ပြောင်းလဲမှုအသစ်

2021-05-13 18:06:26 |သတင်းအရင်းအမြစ် 陇川县融媒体中心

တယ်ဟုန်တိုင်၊ ဂျိမ်းဖောကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုံချွမ်းခရိုင် ကျန်ဖုန် မြို့နယ် မန်လင်ကျေးရွာတွင် လည်ပတ်ကြည့်ရှုရာ ၎င်းကျေးရွာကို စိမ်းလန်းစိုပြည်သော တောတောင်များသည် ဝိုင်းဝန်းပွေ့ဖက်ထားသည်ကို တွေ့ရသည်။ ကျေးရွာတွင် အစိမ်းရောင်ဝါးများ ဖုံးလွှမ်းနေသည်။ သန့်ရှင်းသပ်ရပ်သည့် ကျေးရွာလမ်းများ၏ နှစ်ဖက်စလုံးတွင် ထူးခြားသော လက္ခဏာရှိသည့် တိုင်လူမျိုးအဆောင်များရှိပါသည်။


“အရင်ကနှစ်စဥ်ဝင်ငွေဟာ တရုတ်ယွမ် တစ်သောင်းပဲရခဲ့တယ်။ အခုဆိုရင် ကျွန်မတို့ ခွန်အားပြည့် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတာ မနှစ်က ဝင်ငွေ တရုတ်ယွမ် ၆ သောင်း၊ ၇ သောင်းလောက်ရပါတယ်။ ဆိုတော့ကာ နေထိုင်မှုဘဝ ပိုမိုသာယာဝပြောလာပါပြီ”ဟု အိမ်ရှေ့တွင် သန့်ရှင်းရေးပြုလုပ်နေသော ကျေးရွာသူ မမြနန်းကြည်က ပြောပြပါသည်။
ယခုနှစ်ပိုင်းတွင် မန်လင်ကျေးရွာသည် “သာယာလှပပြီး သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင် ဖန်တီးကာ သဟဇာတဖြစ်ပြီး ယဥ်ကျေးသိမ်မွေ့သော ကျေးရွာသစ်ကို တည်ဆောက်ခြင်း”ဟူသော ရည်မှန်းချက် ဖော်ဆောင်ရန် ကျေးရွာခရီးသွားစီးပွားရေး တစိုက်မတ်မတ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ နယ်စပ်ဒေသ ထူးခြားသော ခရီးသွားအရေးပါသည့် ကျေးရွာဖန်တီးခြင်းတို့ကို ဆောင်ရွက်လျက် ရှိနေပါသည်။ ၎င်းကျေးရွာသည် လက်ရှိမြေယာ အရင်းအမြစ်ဖြင့် ကျေးရွာစုပေါင်းစီပွားရေးကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိနေပြီး“ပျော်ရွှင်သောတိုင်လူမျိုး”လက်တွေ့ခံစားမှု လယ်ယာ အပန်းဖြေနေရာကို တည်ဆောက်ခဲ့ပါသည်။

စမ်းသပ်ကာလတွင် ကျွန်တော်တို့၏ လည်ပတ်ငွေမှာ တရုတ်ယွမ် ၂၄၀၀၀၀ ကျော်ရှိကြောင်း၊ အနာဂတ်တွင် ဟင်းသီးဟင်းရွက်ဥယျာဥ်၊ လိမ္မော်သီးနှင့် စတော်ဘယ်ရီခြံ၊ ကြာပန်းရှုစားရာနေရာနှင့် ငါးမျှားခြင်းရေကန်စသည့် လက်တွေ့ခံစားမှုနေရာများ တည်ဆောက်သွားမည်ဖြစ်ကြောင်း အဆိုပါ လယ်ယာအပန်းဖြေနေရာ၏ ပိုင်ရှင် ကျန်အလ်လင်က ပြောပြပါသည်။