ဂျပန်နိုင်ငံက နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ထုတ်လိုက်ခြင်းသည် မျက်နှာလွှဲ လုပ်ဆောင်မှုမျိုးဖြစ်ကြောင်း ၊ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကျိုးသာကြည့်သော ဆောင်ရွက်မှု မျိုးဖြစ်ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း နှင့် အနာဂတ်လူသားမျိုးနွယ်အတွက် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေကြောင်း ၊ ဂျပန်နိုင်ငံအစိုးရ အနေဖြင့် မိမိ၏တာဝန်ကို မှန်ကန်သည့် အမြင်ဖြင့် ရှုမြင်ရမည်ဖြစ်ကာ မိမိသဘောဖြင့် နျူကလီးယား ညစ်ညမ်းရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းမှာ လုပ်၍မရကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၁၇ ရက်၌ ပြောကြားခဲ့သည်။ မေ ၁၇ ရက်က ကျင်းပပြုလုပ်သည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ဂျပန်နိုင်ငံ အနေဖြင့် တောင်ကိုရီးယားနိုင်ငံ နှင့် ညှိနှိုင်းမှုမရှိဘဲ နျူကလီးယား ညစ်ညမ်းရေးများကို ပင်လယ်ထဲသို့ သွန်ချ စွန့်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် တောင်ကိုရီးယားနိုင်ငံက နိုင်ငံတကာရေကြောင်း အဖွဲ့ အစည်း နှင့် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ သို့ တိုင်ကြာ၍ ပူးပေါင်းကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းခဲ့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သဘောထားအမြင်အား မေးမြန်းခဲ့ရာတွင် ကျောက်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ သတင်းဖော်ပြမှုများအား သတိပြုမိပြီး တောင်ကိုရီးယားနိုင်ငံ၏ ဆောင်ရွက်မှုများကိုလည်း နားလည်မှု နှင့် ထောက်ခံမှုပေးအပ်ကြောင်း ၊ ဂျပန်နိုင်ငံက တစ်ဖက်သက် မှားယွင်းသောဆုံးဖြတ်ချက်ကို ကြေညာ ခဲ့သည်မှာ အချိန်တစ်လကြာရှိသွားပြီဖြစ်ပြီး အနီးပတ်ဝန်းကျင်ရှိ တရုတ်နိုင်ငံနှင့် တောင်ကိုရီးယား စသည့်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဂျပန်နိုင်ငံသားများ၏ ပြင်းထန်သည့် စိုးရိမ်ပူပန်မှု နှင့် အချိန်နှင့်တစ်ပြေးညီ ကန့်ကွက်မှုကို ခံခဲ့ရကြောင်း ၊ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဂျပန်နိုင်ငံအစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံအများအပြား ၊ နိုင်ငံတကာအဖွဲ့အစည်း ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ နှင့် နိုင်ငံအသီးသီးမှ ပြည်သူလူထုတို့၏ ကန့်ကွက်မှုအား မသိကျိုးကျွံပြုခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုအပေါ် ယခုချိန်ထိ တည့်မှတ်စွာ ပြန်လည်အကြောင်းပြန်မှု မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ကျောက်လိကျန်း က ဂျပန်နိုင်ငံက နျူကလီးယား ညစ်ညမ်းရေကို စွန့်ထုတ်သည့် လုပ် ဆောင်ချက်သည် ခေါင်းရှောင်သည့် ဆောင်ရွက်မှုမျိုးဖြစ်ကြောင်း ၊ ကမ္ဘာ့သမုဒ္ဒရာ ဇီဝပတ်ဝန်းကျင် လုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေမည်ဖြစ်ပြီး နိုင်ငံအသီးသီးရှိ ပြည်သူလူထုတို့၏ ကျန်းမာရေး ကိုလည်း အန္တရာယ် ဖြစ်စေမည်ဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် ပွင့်လင်းမှုမရှိသော ၊ တာဝန်ယူမှုမရှိသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံ အနေဖြင့် အမှန်တကယ် ရရှိသွားမည်မှာ မိမိတစ်ဖက်တည်းအတွက်သာ အကျိုးဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်း နှင့် ဆွေစဉ်မျိုးဆက်အတွက် ဘေးဒုက္ခများစွာဖြစ်စေမည်ဖြစ်ကြောင်း ၊ ဂျပန်နိုင်ငံအစိုးရအနေဖြင့် မိမိ၏ တာဝန်အား တည့်မတ်စွာ ရှုမြင်ပြီး အကျိုးသက်ရောက်မှုရှိသည့် မိတ်ဖက်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဘုံသဘောတူညီချက်ရရှိအောင် ညှိနှိုင်းဆောင်ရွက်မှု မပြုလုပ်ပြီးခင်အထိ မိမိသဘောအရ နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့သွန်ချခြင်းအား မဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)